ရှေ့သို့
Image

လေ့ကျင့်ရေးကွင်းမှာ ဖရီးကစ်လေ့ကျင့်ရင်း ဒဏ်ရာ ရရှိလို့ ဆမ်ဒိုးရီးယားနဲ့ ပွဲစဉ်ကို လွဲချော်ခဲ့တဲ့ ပေါ့ဂ်ဘာ

1:07 PM, 13 March

လေ့ကျင့်ရေးကွင်းမှာ ဖရီးကစ်လေ့ကျင့်ရင်း ခြေသလုံးကြွက်သားဒဏ်ရာ ရရှိခဲ့လို့ ပေါ့ဂ်ဘာဟာ ဆမ်ဒိုးရီးယားကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွက် အသင်း လူစာရင်းမှာ မပါဝင်နိုင်ခဲ့ဘူးလို့ ဂျူဗင်တပ်စ်နည်းပြအယ်လီဂရီက ဆိုပါတယ်။

အယ်လီဂရီက ဒီနေ့မနက်ပိုင်း၊ ဆမ်ဒိုးရီးယားကို ၄-၂ ဂိုးနဲ့ အနိုင်ရရှိတဲ့စီးရီးအေ ပွဲစဉ်မတိုင်ခင် အခုရာသီရုန်းကန်နေရတဲ့ ပြင်သစ်လက်ရွေးစင်ကွင်းလယ်ရဲ့ အခြေအနေကို ရှင်းပြခဲ့တာပါ။ ပြီးခဲ့တဲ့ဇူလိုင်လအတွင်း ဂျူဗင်တပ်စ်ဆီ ဒုတိယအကြိမ် ပြန်ရောက်ရှိလာတဲ့ ပေါ့ဂ်ဘာဟာ ဒူးဒဏ်ရာ၊ ပေါင်ဒဏ်ရာတွေနဲ့ ဆိုးရွားတဲ့ အခိုက်အတန့်ကို ဖြတ်သန်းနေရလို့ အခုရာသီ၊ တူရင်အခြေစိုက်ကလပ်အတွက် ၃၄ မိနစ်သာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားထားပါတယ်။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဟောင်းက တိုရီနို၊ ရိုးမားတို့နဲ့ ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ ဂျူဗင်တပ်စ်အတွက် ပွဲချိန်အနည်းငယ်ပါဝင်ကစားပေးခဲ့ပေမယ့် ပြီးခဲ့တဲ့ကြာသပတေးနေ့ညပိုင်း၊ ဖရိုင်းဘတ်နဲ့ ရင်ဆိုင်ရတဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာတော့ အသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်း မရှိပါဘူး။

ယူရိုပါလိဂ်ပွဲစဉ်မတိုင်ခင် အသင်းလိုက်တွေ့ဆုံမှုမှာ နောက်ကျပူးပေါင်းလာခဲ့တဲ့ ပေ့ါဂ်ဘာဟာ ဆမ်ဒိုးရီးယားနဲ့ပွဲစဉ်ကို ပါဝင်ကစားနိုင်မယ်လို့ နည်းပြအယ်လီဂရီက ပြီးခဲ့တဲ့စနေနေ့မှာ ပြောခဲ့ပါတယ်။ ဒါပေမယ့် တနင်္ဂနွေမှာတော့ ကစားသမားနဲ့ ကလပ်အသင်းအတွက် နောက်ထပ်ထိုးနှက်မှုတစ်ခု ပေါ်ပေါက်လာပြီး ဒီအစီအစဉ်ဟာ အပြောင်းအလဲဖြစ်သွားခဲ့ဟန်ရှိပါတယ်။

တနင်္ဂနွေနေ့၊ ဆမ်ဒိုးရီးယားနဲ့ ပွဲစဉ်မတိုင်ခင် DAZN သတင်းဌာနနဲ့တွေ့ဆုံချိန် အယ်လီဂရီက “ဒီနေ့မနက်ပိုင်း၊ ပေါ့ဂ်ဘာက ဖရီးကစ်လေ့ကျင့်ချိန် ပေါင်ခြံမှာ နာကျင်မှုခံစားလာရပြီး ရပ်တန့်ခဲ့ရပါတယ်။ မနက်ဖြန်ကျရင်တော့ ပေါ့ဂ်ဘာရဲ့ ဒဏ်ရာအတိုင်းအတာကို ကျွန်တော်တို့ မြင်တွေ့ရပါလိမ့်မယ်။ ဒီနေ့ည၊ ဆမ်ဒိုးရီးယားနဲ့ပွဲစဉ်မှာ သူပါဝင်နိုင်တယ်ဆိုပေမယ့် ကျွန်တော်တို့ သူ့အခြေအနေကို စောင့်ကြည့်နေပါတယ်။ ဒီနှစ်ကတော့ ဒီအတိုင်းပဲဖြစ်နေတာပါပဲ၊ ဘဝမှာလည်း ဒါမျိုးတွေ ကြုံတွေ့ရလေ့ရှိပါတယ်။ ပေါ့ဂ်ဘာအနေနဲ့  ဒဏ်ရာအခြေအနေကနေ ပြန်လာနိုင်ဖို့ သန်မာကောင်းမွန်ရပါမယ်။ အရင်တုန်းကလို ခြေစွမ်းမျိုးနဲ့ အသင်းအတွက် သူ ပြန်လာချင်နေပါတယ်”လို့ ရှင်းပြခဲ့တာပါ။

#စီးရီးအေ #ဂျူဗင်တပ်စ် #ဆမ်ဒိုးရီးယား #ပေါ့ဂ်ဘာ #အယ်လီဂရီ