ရှေ့သို့
Image

ဘုန်းမောက်ကို အရေးနိမ့်ပြီးနောက် ရီးရဲလ်နဲ့ ပွဲမှာ မှော်ဝင်ခြေစွမ်းပြသနိုင်ဖို့ အာနိုးလ် မျှော်လင့်နေ

11:29 AM, 13 March

လီဗာပူးနောက်ခံလူ အာနိုးလ်က ဘုန်းမောက်အသင်းကို ၁-၀ နဲ့ အရေးနိမ့်ခဲ့တာဟာ လက်မခံနိုင်စရာဖြစ်တယ်လို့ ပြောကြားလိုက်ပြီး ရီးရဲလ်နဲ့ပွဲမှာ အားလုံးပေးဆပ်ကစားရမယ်လို့ ပြောကြားလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့အပတ်က ယူနိုက်တက်ကို အိမ်ကွင်းမှာ ၇ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပေမယ့် ဘုန်းမောက်နဲ့ပွဲမှာတော့ ဘေးလင်းရဲ့တစ်လုံးတည်းသော ဂိုးနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဆာလက်ရဲ့ပင်နယ်တီလွဲချော်မှုက လီဗာပူးအတွက် နစ်နာစေခဲ့ရသလို ဒုတိယပိုင်းမှာလည်း ဂိုးပေါက်တည့်မတ်မှု ၁ ကြိမ်သာရှိခဲ့တာဖြစ်ပါတယ်။ လီဗာပူးအတွက် အခုလိုမျိုးကို အမှတ်ပေးဇယားအောက်ဆုံးကအသင်းတွေကို ၂ ပွဲဆက် အရေးနိမ့်ခဲ့တာက ၂၀၁၀ - ၁၁ နောက်ပိုင်း ပထမဆုံးဖြစ်လာခဲ့ပါတယ်။

“ဒီလိုအချိန်က အသင်းတိုင်းတိုက်ပွဲဝင်နေတယ်ဆိုတာ သိထားရပါမယ်။ ဘုန်းမောက်ဆိုရင်လည်း တန်းဆင်းဇုန်တိုက်ပွဲဝင်နေတာပါ။ အသင်းတိုင်းက တစ်စုံတစ်ခုအတွက် တိုက်ပွဲဝင်နေတာပါ။ ဒါကြောင့် ၃ မှတ်ပြည့်ရဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။ အခုရလဒ်က လက်မခံနိုင်စရာဖြစ်ပြီး ကျွန်တော်တို့ ဒီလိုမျိုးထပ်မဖြစ်အောင် သေချာလေးဂရုစိုက်ဖို့ လိုအပ်ပါတယ်”လို့ အာနိုးလ်က ပြောကြားခဲ့ပါတယ်။

ကလော့ပ်ရဲ့အသင်းဟာ အဆင့် ၄ နေရာက တော့တင်ဟမ်ကို ၁ ပွဲလျော့ ၆ မှတ်ကွာဟနေတာဖြစ်ပြီး လာမယ့်ပွဲက မန်စီးတီးနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် လီဗာပူးအသင်းဟာ ရီးရဲလ်အသင်းနဲ့ ကစားရမှာဖြစ်ပြီး ပထမအကျော့တုန်းက ၅-၂ နဲ့ အရေးနိမ့်ခဲ့ပါတယ်။

“အဲ့တာက ကျွန်တော်တို့အတွက် ကြီးမားပါတယ်။ ကျွန်တော်တို့ ရီးရဲလ်နဲ့ပွဲအတွက် အာရုံစိုက်ဖို့ လိုအပ်သလို အကောင်းဆုံး ပေးဆပ်ကစားဖို့ လိုအပ်ပါတယ်”လို့ အာနိုးလ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ရီးရဲလ်နဲ့ ရင်ဆိုင်ထားခဲ့ရတဲ့ နောက်ဆုံး ၇ ပွဲမှာ  ၆ ပွဲအထိ အရေးနိမ့်ထားခဲ့ပါတယ်။

#လီဗာပူး #အာနိုးလ် #ဘုန်းမောက်လ် #ပရီးမီးယားလိဂ်