ရှေ့သို့
Image

သုံးပွဲဆက်အနိုင်ရပြီးနောက် အသင်းရဲ့တိုးတက်မှုအပေါ် ချီးကျူးဂုဏ်ပြုတဲ့ ချဲလ်ဆီးနည်းပြပေါ်တာ

12:11 PM, 12 March

မနေ့ညပိုင်း၊ လက်စတာကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်အပြီး ချဲလ်ဆီးအသင်းရဲ့ အခုရက်သတ္တပတ်အတွင်း အထင်ကြီးလောက်စရာစွမ်းဆောင်ရည်ပိုင်းက တိုးတက်မှုတွေကို ဖော်ညွှန်းနေတယ်လို့ နည်းပြပေါ်တာက ယုံကြည်နေပါတယ်။

ပြီးခဲ့တဲ့စနေနေ့၊ လိဒ်ကို အနိုင်ရရှိတဲ့ပွဲစဉ်မတိုင်ခင် ပေါ်တာရဲ့အသင်းက နောက်ဆုံး ၁၂ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာ ရှာဖွေနိုင်ခဲ့တာပါ။

ဒါပေမယ့် အခုသီတင်းပတ်၊ကြားရက်မှာ ချဲလ်ဆီးက ဒေ့ါမွန်ကို အနိုင်ယူပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့သလို မနေ့ညပိုင်းပွဲစဉ်မှာလည်း ကင်းပါဝါကွင်းကြီးအတွင်း ဘင်ချီဝဲလ်၊ ကိုင်ဟားဗက်ဇ်၊ ကိုဗာဆစ်တို့ရဲ့သွင်းဂိုးတွေနဲ့ ဂိုးပြတ်နိုင်ပွဲတစ်ခုကို ဖော်ဆောင်နိုင်ခဲ့တာပါ။

ဒါ့အပြင် လက်စတာနဲ့ပွဲစဉ်မှာ အန်ဇိုဖာနန်ဒက်ဇ်၊ မာဒရစ်ခ်တို့လို ကစားသမားသစ်အပါအဝင် ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ချဲလ်ဆီးခေါ်ယူခဲ့တဲ့ ကစားသမားသစ်တွေက ပုံစံကောင်းပြသနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ ချဲလ်ဆီးက အဆင့်လေးနေရာရှိ တော့တင်ဟမ်ရဲ့နောက် ၁၁ မှတ်အကွာမှာရပ်တည်နေပြီး လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ အပြင်းအထန်ရုန်းကန်နေရဆဲဖြစ်ပါတယ်။

ဒါပေမယ့် သုံးပွဲဆက်နိုင်ပွဲရရှိပြီးချိန်မှာ ချဲလ်ဆီးနည်းပြပေါ်တာရဲ့ရင်ခုန်သံတွေ အလွန်မြန်ဆန်လာနေပါတယ်။

"ကျွန်တော်တို့အသင်းအတွက် အပြုသဘောဆောင်တဲ့ သီတင်းပတ်ဖြစ်ခဲ့ပါတယ်။ လိဒ်၊ ဒေါ့မွန်တို့ကို အနိုင်ယူပြီးနောက် ဒီနေ့နိုင်ပွဲကလည်း အသင်းရဲ့တိုးတက်လာမှုတွေကို အတော်လေးဖော်ညွှန်းပြသနေပါတယ်။

အရမ်းကိုခက်ခဲတဲ့ပွဲစဉ်တစ်ခုဖြစ်ခဲ့ပေမယ့် အဆုံးမှာတော့ ကျွန်တော်တို့ အနိုင်ရလဒ်နဲ့ထိုက်တန်တယ်လို့ ယူဆမိပါတယ်။

အခုလိုအဆင့်အတန်းမျိုးမှာ သီတင်းပတ်တစ်ခုအတွင်း သုံးပွဲဆက်အနိုင်ရရှိမှုက အရမ်းကိုကျေနပ်ဖို့ ကောင်းပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့က ဒီလိုရလဒ်ကောင်းတွေကို နောက်လာမယ့်သီတင်းပတ်အထိ သယ်ဆောင်သွားဖို့ လိုအပ်ပြီး နိုင်ငံတကာသီတင်းပတ်ဆီ ရောက်ရှိဖို့ လိုအပ်ပါတယ်။ အဲဗာတန်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မှာလည်း နိုင်ပွဲရရှိဖို့ ကြိုးစားသွားမှာပါ"လို့ ချဲလ်ဆီးနည်းပြပေါ်တာက ပွဲအပြီး BT Sport သတင်းဌာနနဲ့တွေ့ဆုံချိန် ရှင်းပြခဲ့ပါတယ်။

အသင်းဟောင်းလက်စတာနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ ချဲလ်ဆီးနောက်ခံလူတွေဖြစ်တဲ့ ဘင်ချီဝဲလ်၊ ဖိုဖာနာတို့အတွက် တင်းမာတဲ့ကြိုဆိုမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ပေါ်တာကတော့ အသင်းနောက်ခံလူတွေရဲ့ တုံပြန်မှုတွေအပေါ် ကျေနပ်နေပါတယ်။

ပေါ်တာက "ဘင်ချီဝဲလ်က အကောင်းဆုံးနည်းလမ်းနဲ့ အဖြေပေးခဲ့ပါတယ်။ ဒါမျိုးက အိမ်ကွင်းပရိသတ်တွေ လုပ်လေ့လုပ်ထရှိတဲ့နည်းလမ်းမျိုးဖြစ်ပေမယ့် သူတို့က အကောင်းဆုံးကိုင်တွယ်နိုင်ခဲ့ပါတယ်။

လွယ်ကူရိုးရှင်းတဲ့ပွဲစဉ်တစ်ခုတော့ မဖြစ်လာခဲ့ပါဘူး။ လက်စတာကလည်း အခွင့်အရေးတွေ ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ အကျပ်ရိုက်ခဲ့ရပေမယ့် ရှေ့ဆက်သွားနေဆဲဖြစ်လို့ ပိုကောင်းလာပါလိမ့်မယ်။

ပရီးမီးယားလိဂ်ပေးဂိုးမှတ်တမ်းတွေအရ ကျွန်တော်တို့အသင်းရဲ့ခံစစ်ပိုင်းမှတ်တမ်းတွေက ကောင်းမွန်သလို စိတ်ဓါတ်ပိုင်းကလည်း ခိုင်မာပါတယ်။ သူတို့က အရာရာတိုင်းကို ပေးဆပ်ကစားခဲ့ပါတယ်"လို့ ဆက်ပြောခဲ့ပါတယ်။

#ချဲလ်ဆီး #ပေါ်တာ #ပရီးမီးယားလိဂ်