ရှေ့သို့
Image

ပီအက်စ်ဂျီနဲ့ ပွဲအပြီး မက်ဆီရဲ့ ဂျာစီကို တောင်းခဲ့သော်လည်း မရရှိခဲ့တဲ့ မူစီယာလာ

12:54 PM, 10 March

ဘိုင်ယန်မြူးနစ်အသင်းရဲ့တောင်ပံတိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ မူစီယာလာဟာ ပီအက်စ်ဂျီအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ မက်ဆီရဲ့ ဂျာစီအင်္ကျီကို တောင်းယူခဲ့သော်လည်း မရခဲ့ကြောင်းသိရှိရပါတယ်။

ဗုဒ္ဓဟူးနေ့တွင် ဘိုင်ယန်မြူးနစ်အသင်းသည် ပီအက်စ်ဂျီအသင်းကို ၂-၀ (နှစ်ကျော့ပေါင်း ၃-ဝ) ဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် မူစီယာလာက ဘိုင်ယန်မြူးနစ် အသင်းအတွက်ပါဝင်ခဲ့တာဖြစ်ပါတယ်။ ချူပိုမိုတင်းနှင့် ဂနာဘရီတို့ရဲ့သွင်းဂိုးကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်မှာအရေးပါတဲ့နိုင်ပွဲကိုရရှိခဲ့တာပဲဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါရဲ့ ဇယားထိပ်က ဘိုင်ယန်မြူးနစ်ရဲ့အရှိန်အဝါကို ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်တဲ့ မက်ဆီလည်း ကျော်လွှားနိုင်ခြင်းမရှိခဲ့ပါဘူး။ မူစီယာလာက ပွဲအပြီးတွင် မက်ဆီထံမှ ဂျာစီအင်္ကျီကိုတောင်းယူခဲ့ပြီး မက်ဆီက ဥမင်လှိုင်ခေါင်းထဲမှာ လာယူဖို့ လက်ဟန်ပြခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် မူစီယာလာ လိုက်သွားတဲ့အချိန်မှာတော့ မက်ဆီကို ရှာမတွေ့ခဲ့ကြောင်းသိရပါတယ်။

သတင်းထောက်တွေက အင်တာဗျူးမှာ မက်ဆီရဲ့ အင်္ကျီရခဲ့လားလို့မေးတဲ့မေးခွန်းကို "ကျွန်တော်သူ့ကိုရှာမတွေ့ဘူး"လို့ မူစီယာလာက ပြန်ဖြေခဲ့ပါတယ်။ ပြီးခဲ့သည့်လက ပထမအကျော့အပြီးတွင် ၎င်း၏အသင်းဖော်တစ်ဦးဖြစ်တဲ့ အယ်ဖွန်ဆိုဒေးဗီးစ် က မက်ဆီရဲ့ အင်္ကျီကိုရရှိခဲ့တဲ့အခြေအနေနဲ့ မူစီယာလာရဲ့အခြေအနေက ဆန့်ကျင်ဖက်ဖြစ်ခဲ့ပါတယ်။

မက်ဆီဟာ ရာသီကုန်မှာ ပီအက်စ်ဂျီအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ဥရောပမှ ထွက်ခွါရန် အခြားအသင်းများနှင့်ချိတ်ဆက်နေသောကြောင့် အသက် ၂၀ အရွယ်ရှိ မူစီယာလာဟာ နောက်ထပ်အခွင့်အရေး ရရှိမှာမဟုတ်တော့ပါဘူး။ တစ်ချိန်တည်းတွင် ပါရမီရှင် ချဲလ်ဆီးလူငယ်ကစားသမားဟောင်းဖြစ်တဲ့ မူစီယာလာကို ရီယိုဖာဒီနန်က "ဒီကလေးက ကမ္ဘာ့အကောင်းဆုံး လူငယ်ပါရမီရှင်တစ်ယောက်လို့ပြောနေကြပြီ။ သူက အကောင်းဆုံးထဲက တစ်ယောက်လို့ ထင်ပါတယ်။သူဟာ ဘိုင်ယန်မြူးနစ်မှာ ဂိုးသွင်းပြီး ဂိုးဖန်တီးမှုပိုင်းမှာ ထိပ်တန်းရောက်နေပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးစားနေပါတယ်။ သူ့ကို ဘောလွန်းဒီအော် ထိပ်တန်း ၃ ယောက်ထဲမှာမြင်ရဖို့ ရှိပါတယ်"ချီးကျူးပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်နှင့် ဘိုင်ယန်မြူးနစ်ကစားသမားဟောင်း အိုဝင်ဟားဂရေ့ဘ်က"မူစီယာလာကိုကြည့်ရတာ ကာကာရဲ့အကောင်းဆုံး အချိန်တွေကိုတောင်သတိရပါတယ်။ အရင်က ကောင်းကောင်းမမြင်ဘူးပေမယ့် အခု ကာကာ ကိုမြင်နေရသလိုပါပဲ"ဟု ချီးကျူးခဲ့ပါတယ်။

#ပီအက်စ်ဂျီ #မက်ဆီ #ချန်ပီယံလိဂ် #ဘိုင်ယန်မြူးနစ် #မူစီယာလာ