ရှေ့သို့
Image

ဒီလစ်ကို ချောကလက်အပြည့် ကားတစ်စီး လက်ဆောင်ပေးမယ်လို့ ပြောလိုက်တဲ့ ဆွန်မာ

4:00 PM, 9 March

ပီအက်စ်ဂျီကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း ဘိုင်ယန်မြူးနစ်ဂိုးသမား ဆွန်မာက သူကျူးလွန်ခဲ့တဲ့အမှားအပေါ် အကောင်းဆုံး ကူညီဖြေရှင်းပေးခဲ့တဲ့ အသင်းဖော်နောက်ခံလူဒီလစ်ကို ချောကလက်အပြည့်တင်ဆောင်ထားတဲ့ကားတစ်စီး လက်ဆောင်ပေးမယ်လို့ ပြောလိုက်ပါတယ်။

ဒီနေ့မနက်ပိုင်း၊ ဂျာမနီမြေမှာ ကစားခဲ့တဲ့ ပွဲစဉ်အတွင်း နာဂယ်စ်မန်းရဲ့အသင်းက ချူပိုမိုတင်း၊ ဂနာဘရီတို့ရဲ့ သွင်းဂိုးတွေနဲ့ ပီအက်စ်ဂျီကိုအနိုင်ရကာ နှစ်ကျော့ပေါင်းရလဒ် ၃-၀ ဂိုးနဲ့ ကွာတားဖိုင်နယ်အဆင့်ဆီ တက်ရောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်း ပွဲချိန်အတွင်း ပြင်သစ်အင်အားကြီးကလပ်က ရလဒ်ကောင်းရရှိဖို့ ကြိုးစားမှုတွေရှိခဲ့ပြီး  အထင်ရှားဆုံးဖြစ်ရပ်ကတော့ ဗီတင်ဟာရဲ့အပိုင်ကန်ချက်ကို နောက်ခံလူဒီလစ်က ဂိုးစည်းပေါ်မှ ကာကွယ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်မှာ ဂိုးသမားဆွန်မာရဲ့အမှားက သိသာလွန်းခဲ့ပြီး ဒီလစ်သာ မကာကွယ်နိုင်ခဲ့ရင် သေချာပေါက် ဂိုးပေးရမယ့် အခြေအနေဖြစ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဆွန်မာက သူ့ရဲ့အသင်းဖော်ကို အကောင်းဆုံးဂုဏ်ပြုပေးနိုင်ဖို့ စောင့်ဆိုင်းနေတယ်လို့ အရွှန်းဖောက်ခဲ့တာပါ။

DAZN သတင်းဌာနနဲ့တွေ့ဆုံချိန် ဆွန်မာက “ဒီလစ်အတွက် ချောကလက်အပြည့်တင်ဆောင်ထားတဲ့ ကားတစ်စီးနဲ့အတူ ကျွန်တော် သူ့အိမ်ရှေ့အရောက် လက်ဆောင်ပေးသွားမှာပါ”လို့ ဟာသလုပ်ခဲ့ပါတယ်။ အမှားကျူးလွန်ခဲ့မှုနဲ့ ပတ်သက်လို့ ဆွစ်ဇာလန်လက်ရွေးစင်ဂိုးသမားက “စတာနီဆစ်ဆီ ဘောလုံးပေးဖို့က ကျွန်တော့်ရဲ့နည်းလမ်းဖြစ်ခဲ့ပေမယ့် ဒီနည်းလမ်းကို ပိတ်ဆို့ခံခဲ့ရပါတယ်။ ဒါက တကယ့်ပြဿနာဖြစ်လာခဲ့သလို ကျွန်တော့်မှာ အခြားဖြေရှင်းစရာ နည်းလမ်းမရှိခဲ့ပါဘူး။ ဒီလစ်လုပ်ပြသွားတာကတော့ မယုံကြည်နိုင်ဖွယ်ဖြစ်သလို ကိုယ့်အမှားနဲ့ပတ်သက်လို့ ကျွန်တော်မပျော်ရွှင်မိပါဘူး။ ဒီလစ်ရဲ့တွေးတောပုံနဲ့ ကာကွယ်သွားခဲ့ပုံက တကယ့်အံ့မခန်းပါပဲ။ ဒီနေရာမှာသာ တစုံတခုချွတ်ချော်သွားခဲ့ရင် ပွဲရဲ့ရလဒ်ပိုင်းအပေါ် အများကြီးသက်ရောက်သွားစေပါလိမ့်မယ်”လို့ ဆက်ရှင်းပြခဲ့ပါတယ်။

ဒီပွဲစဉ်ရလဒ်ပိုင်းကြောင့် ဘိုင်ယန်မြူးနစ်က ချန်ပီယံလိဂ်နောက်ဆုံးလေးပွဲဆက် Clean Sheet မှတ်တမ်းကို ရရှိခဲ့ပြီး အသင်းသမိုင်းတလျှောက် ချန်ပီယံလိဂ်ပြိုင်ပွဲ အကောင်းဆုံးစွမ်းဆောင်ရည် ဖြစ်ပါတယ်။

#ပီအက်စ်ဂျီ #ချန်ပီယံလိဂ် #ဒီလစ်ချ် #ယန်းဆွန်မာ