ရှေ့သို့
Image

ချဲလ်ဆီးကို ပယ်နယ်တီပြန်ကန်ခွင့်ပေးတာ တကယ့်ဟာသပဲလို့ ထုတ်ပြောလာတဲ့ ဘယ်လင်ဟမ်

12:49 PM, 8 March

ဒီနေ့မနက်ပိုင်း၊ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်အဖြစ် ချဲလ်ဆီးကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ ၂-၀ ဂိုး(နှစ်ကျော့ပေါင်းရလဒ် ၂-၁ ဂိုး)နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ချဲလ်ဆီးရဲ့ဒုတိယမြောက် အနိုင်ဂိုးဖြစ်လာမယ့် ကိုင်ဟားဗက်ဇ်ရဲ့ ပယ်နယ်တီသွင်းဂိုးနဲ့ ပတ်သက်လို့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်အပေါ် ဒေါ့မွန်ကွင်းလယ်လူဘယ်လင်ဟမ်က  ဝေဖန်ပြောဆိုလိုက်ပါတယ်။

ဒေါ့မွန်က ဂျာမန်မြေမှာ အနောက်လန်ဒန်ကလပ်ကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် လန်ဒန်မြေမှာ ကစားရတဲ့ ဒီနေ့မနက်ပိုင်းပွဲစဉ်မှာတော့ စတာလင်ရဲ့သွင်းဂိုး၊ ကိုင်ဟားဗက်ဇ်ရဲ့ အငြင်းပွားဖွယ်ပယ်နယ်တီဂိုးတွေနဲ့အတူ အရေးနိမ့်ကာ ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရပါတယ်။ ဒီပွဲစဉ်ရဲ့ဒုတိယပိုင်းပွဲချိန်အစမှာ ဘင်ချီဝဲလ်ရဲ့ ဖြတ်တင်ဘောကို ဒေါ့မွန်နောက်ခံလူ ဝုဖ်တားဆီးရာမှာ ဘောလုံးကို လက်နဲ့ထိခဲ့တာကြောင့် ချဲလ်ဆီးတို့ ပယ်နယ်တီရရှိခဲ့ပါတယ်။

ဒီပယ်နယ်တီကို ကိုင်ဟားဗက်ဇ်က ကန်သွင်းခဲ့ရာ ဂိုးတိုင်နဲ့ ထိထွက်သွားခဲ့ပေမယ့် ပယ်နယ်တီကန်ချိန်မှာ ဒေါ့မွန်ကစားသမားတွေ ဂိုးဧရိယာအတွင်း ဝင်ရောက်နေတယ်ဆိုတဲ့ ယူဆချက်နဲ့ ကွင်းလယ်ဒိုင်က VAR အကူအညီရယူကာ ချဲလ်ဆီးကို ပယ်နယ်တီပြန်ကန်ခွင့်ပေးအပ်ခဲ့ပါတယ်။ ဒုတိယမြောက် အခွင့်အရေးကိုတော့ ကိုင်ဟားဗက်ဇ်က အမှားအယွင်းမရှိအသုံးချကာ ဒီပွဲစဉ်အတွက် အဆုံးအဖြတ်သွင်းဂိုးကို ရယူခဲ့ပါတယ်။

နောက်ခံလူဝုဗ်ရဲ့လက်ထိဘောနဲ့ပတ်သက်လို့ ဒေ့ါမွန်ကွင်းလယ်ကြယ်ပွင့်က “ဝုဖ်အနေနဲ့ သူ့ရဲ့လက်ကို ဘယ်လိုထားနိုင်မလဲဆိုတာ ကျွန်တော်မသိပါဘူး။ အဲ့ဒါက စိတ်ပျက်စရာဖြစ်ပါတယ်။ ချဲလ်ဆီးရဲ့ပယ်နယ်တီကို ပြန်ကန်ခိုင်းတာကလည်း တကယ့်ဟာသတစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ ပယ်နယ်တိုင်းမှာပေ့ါ၊ အထူးသဖြင့် အခုလို နှေးနှေးလေးပြေးပြီးကန်တဲ့ပယ်နယ်တီတိုင်းမှာ လူတိုင်းက ဂိုးဧရိယာထဲကို တစ်ကိုက်စာလောက်တော့ ဝင်ကောင်းဝင်သွားပါလိမ့်မယ်။ ကွင်းလယ်ဒိုင်ကတော့ ဒါနဲ့ပတ်သက်လို့ အခုလိုဆုံးဖြတ်ချက်ချခဲ့ပြီး ကျွန်တော်တို့က ဒီဆုံးဖြတ်ချက်နဲ့အတူပဲ ဆက်ကစားရပါတယ်”လို့ ပွဲစဉ်အပြီး BT Sport သတင်းဌာနနဲ့တွေ့ဆုံချိန်မှာ ဝေဖန်ခဲ့ပါတယ်။
ဒေါ့မွန်နည်းပြတာဇစ်ကတော့ သူ့ရဲ့အသင်းအနေနဲ့ မကျေမနပ်ဖြစ်နေမှုတွေကို ရှောင်ကြဉ်သွားဖို့ လိုအပ်တယ်လို့ ရှင်းပြခဲ့ပါတယ်။

တာဇစ်က “ဆုံးဖြတ်ချက်တစ်ခုချဖို့ ငါးမိနစ် သို့မဟုတ် ခြောက်မိနစ်လောက်အချိန်ယူနေမယ်ဆိုရင် ဒီဆုံးဖြတ်ချက်က အပြောင်းအလဲတစ်ခုဖြစ်လာဖို့ မလွယ်ကူတော့ပါဘူး။ ဒါပေမယ့် နည်းပြတစ်ဦး အနေနဲ့ ကစားသမားတွေရဲ့စွမ်းဆောင်ရည်၊ အသင်းရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ တာဝန်အပြည့်အဝရှိပါတယ်။ ကွင်းလယ်ဒိုင်ရဲ့စွမ်းဆောင်ရည်အတွက် မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့က ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ဒိုင်လူကြီးတွေအကြောင်း မဆွေးနွေးခဲ့ဘူး။ ဒီနေ့လည်း ဆွေးနွေးမှာမဟုတ်ဘူး”လို့ ပြောပါတယ်။

#ချဲလ်ဆီး #ဟားဗက်ဇ် #ချန်ပီယံလိဂ် #ဘယ်လင်ဂမ်