ရှေ့သို့
Image

ချဲလ်ဆီး အတွက် အဓိကပယ်နယ်တီ ကန်သွင်းမယ့်သူ ဘယ်သူလဲဆိုတာ ထုတ်ပြောလိုက်တဲ့ နည်းပြပေါ်တာ

3:39 PM, 7 March

ပြီးခဲ့တဲ့ဆောင်းရာသီအပြောင်းအရွှေ့ကာလအတွင်း ကွင်းလယ်ကစားသမားဂျော်ဂျင်ဟို အာဆင်နယ်ဆီ ပြောင်းရွှေ့သွားခဲ့ပြီးနောက် ချဲလ်ဆီးနည်းပြပေါ်တာက အသင်းအတွက် အဓိကပယ်နယ်တီ ကန်သွင်းမယ့် ကစားသမား ဘယ်သူလဲဆိုတာကို ထုတ်ပြောလိုက်ပါတယ်။

ဂျော်ဂျင်ဟိုက ချဲလ်ဆီးမှာကစားနေစဉ်ကာလအတွင်း အသင်းအတွက် ပယ်နယ်တီတွေကို အဓိကကန်သွင်းပေးခဲ့သူဖြစ်ပြီး ဘောလုံးပရိသတ်အများစုကလည်း သူ့ရဲ့ပယ်နယ်တီကန်သွင်းမှု စွမ်းရည်အပေါ် အသိအမှတ်ပြုချီးကျူးလေ့ ရှိကြပါတယ်။

ဒေါ့မွန်နဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်(ဒုတိယအကျော့ပွဲစဉ်)မတိုင်ခင် ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာက “ကစားသမားတွေကတော့ ပယ်နယ်တီ ကန်သွင်းမှုလေ့ကျင့်ခန်းတွေကို အမြဲတမ်းလုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ကတော့ ပယ်နယ်တီအဆုံးအဖြတ်နဲ့ ဖြစ်နိုင်ခြေတွေအားလုံး အတွက် ပြင်ဆင်ထားပါတယ်။ ကျွန်တော်တို့ကတော့ ပယ်နယ်တီအဆုံးအဖြတ်မတိုင်ခင် ပွဲကို အနိုင်ရချင်ပါတယ်။ ဒါပေမယ့် အဲ့ဒီအတိုင်းဖြစ်မလာရင်တော့ အခုနည်းလမ်းအတိုင်း ကျော်ဖြတ်သွားနိုင်ဖို့ ပြင်ဆင်သွားရပါလိမ့်မယ်။ ဂျော်ဂျင်ဟို မရှိတော့တဲ့နောက်ပိုင်း ကိုင်ဟားဗက်ဇ်က အသင်းအတွက် ပယ်နယ်တီတွေကို ကန်သွင်းပေးပါလိမ့်မယ်”လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံး လေးသင်း စာရင်းနဲ့ ရမှတ်-၁၁ မှတ်အထိ ကွာဟနေတဲ့ ချဲလ်ဆီးအတွက် အခုရာသီ ချန်ပီယံလိဂ်ဗိုလ်စွဲနိုင်ခြင်းကသာ လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် အဖြစ်နိုင်ဆုံးမျှော်လင့်ချက်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

#ချဲလ်ဆီး #ပေါ်တာ #ပရီးမီးယားလိဂ်