ရှေ့သို့
Image

ပရီးမီးယားလိဂ်သမိုင်းတလျှောက် အမြန်ဆုံး သွင်းဂိုးများကို ပြန်လည်ဖော်ထုတ်ခြင်း

4:53 PM, 6 March

ကိုယ်အားပေးတဲ့အသင်းရဲ့ နောက်ဆုံးမိနစ်အနိုင်ဂိုးထက် ပိုချိုမြိန်တဲ့ အရာမျိုး ဘောလုံးလောကမှာ မရှိဘူးဆိုပေမယ့် ပွဲချိန်အစောပိုင်းမှာပဲ ဂိုးပေါက်ရှာတွေ့သွားတာကို မြင်တွေ့ရချိန်ကလည်း စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်ပါတယ်။

ပွဲအစစက္ကန့် ၆၀ လောက်အတွင်း ဂိုးပိုက်နဲ့မိတ်ဆက်ခဲ့တဲ့ သွင်းဂိုးတွေ အများအပြားရှိခဲ့ပေမယ့် အချို့သွင်းဂိုးတွေကတော့ အလွန်လျှင်မြန်ပါတယ်ဆိုတဲ့ မီတာ-၁၀၀ အပြေးပြိုင်ပွဲစံချိန်ထက် ပိုမြန်ဆန်နေတာကို မြင်တွေ့ရမှာပါ။ အခုတော့ ပရီးမီးယားလိဂ်သမိုင်းတလျှောက် အမြန်ဆုံးသွင်းဂိုး ၆ ဂိုးအကြောင်း ဆွေးနွေးသွားမှာပါ။

ဗီဒူကာ (vs ချာလ်တန်) - ၁၁.၉၀ စက္ကန့်
---------------------------
ဆဲလ်တစ်မှ ပေါင် ၃ဒဿမ၅ သန်းနဲ့ ရောက်ရှိလာတဲ့ သြစတြေးလျလက်ရွေးစင်တိုက်စစ်မှူးက သူ့ရဲ့အင်္ဂလန်မြေပွဲဦးထွက်ဘောလုံးရာသီမှာပဲ ၂၂ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ သူက ၂၀၀၁ ခုနှစ်မှာ လိဒ်ယူနိုက်တက်အတွက် ကစားပေးရင်း ချာလ်တန်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ အခုသွင်းဂိုးကို ရယူခဲ့ပါတယ်။ တွဲဖက်တိုက်စစ်မှူးအလန်စမစ်ရဲ့ ခေါင်းတိုက်ချပေးလာတဲ့ဘောလုံးကို ဗီဒူကာက ပြိုင်ဘက်ဂိုးသမားအပေါ် ကျော်သွင်းပြီး ပရီးမီးယားလိဂ်သမိုင်းတလျှောက်အမြန်ဆုံးသွင်းဂိုးတွေထဲ ပါဝင်စေမယ့် ဂိုးကို ဖြစ်တည်စေခဲ့ပါတယ်။

ဗီဒူကာက လိဒ်ယူနိုက်တက်အတွက် ၅၉ ဂိုး သွင်းယူကာ အသင်းသမိုင်းတလျှောက် ပရီးမီးယားလိဂ်သွင်းဂိုး အများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဗီဒူကာက မစ်ဒယ်ဘရော့၊ နယူးကာဆယ်တို့ဆီ ပြောင်းရွှေ့ကစားပါတယ်။

အဲရစ်ဆင် (vs မန်ချက်စတာယူနိုက်တက်) - ၁၀.၅၄ စက္ကန့်
------------------------------------------
အဲရစ်ဆင်က ၂၀၁၈ ခုနှစ်၊ မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ တော့တင်ဟမ်အတွက် ပွဲထွက်ပါဝင်ကစားခဲ့ပါတယ်။

တော့တင်ဟမ်နောက်ခံလူတွေရဲ့ အမြင့်ဘောပေးပို့လာမှုကို တိုက်စစ်မှူး ဟာရီကိန်းက ယူနိုက်တက်နောက်ခံလူနဲ့ အပြိုင်ခေါင်းခုန်တိုက်ပြီး အသင်းဖော် ဆွန်ဟောင်မင်ရဲ့ပြေးလမ်းကြောင်းထဲ ချပေးခဲ့ပါတယ်။ ဒီနောက်မှာတော့ ဆွန်ဟောင်မင်က ဘောလုံးကို နောက်ပေါက်နဲ့ အဲရစ်ဆင်ဆီ ချပေးခဲ့ရာ အဲရစ်ဆင်က ဂိုသမားဒီဂီယာရဲ့ဂိုးပေါက်ထဲကို ဘယ်ခြေနဲ့ အပိုင်ကန်သွင်းယူခဲ့ပါတယ်။ ဒီသွင်းဂိုးအတွက် စပေးဘောပေးပြီး ၁၁ စက္ကန့်မတိုင်ခင်မှာပဲ အဲရစ်ဆင်က ဘောလုံးနဲ့ ဂိုးပေါက်ကိုမိတ်ဆက်စေခဲ့တာပါ။ နောက်ပိုင်းပွဲချိန်တွေမှာ ဖီဂျုံးစ်ရဲ့ O.G ဂိုးနဲ့အတူ တော့တင်ဟမ်က နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

အလန်ရှီးယား (vs မန်စီးတီး) - ၁၀.၅၂ စက္ကန့်
----------------------------------
အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်းက ပရီးမီးယားလိဂ်စံချိန်အားလုံးနီးပါးကို ပိုင်ဆိုင်ထားခဲ့သလို အခုလိုအမြန်ဆုံးသွင်းဂိုးကဏ္ဍမှာလည်း ပါဝင်လာခဲ့ပြန်ပါတယ်။ ဂန္တဝင်တိုက်စစ်မှူးကြီးက အဝေးကန်ချက်တွေ (သို့မဟုတ်) ပြိုင်ဘက်ဂိုးဧရိယာအတွင်း အနီးကပ်ကန်ချက်တွေနဲ့အတူ သွင်းဂိုးမြောက်များစွာကို ရယူခဲ့ပါတယ်။

၂၀၀၃ ခုနှစ်၊ မန်စီးတီးနဲ့ ရင်ဆိုင်ကစားရချိန်မှာတော့ အခုသွင်းဂိုးကို အလန်ရှီးယားသွင်းယူနိုင်ခဲ့တာပါ။ စပေးဘောမှတဆင့် ဘောလုံးလက်ခံရရှိလာတဲ့ မန်စီးတီးဂိုးသမားကာလိုနက်ရှ်ရဲ့ ကန်တင်ဖို့ကြိုးစားမှုကို ပိတ်ဆို့နိုင်ခဲ့တဲ့ အလန်ရှီးယားဟာ ဘောလုံးပိုင်ဆိုင်မှုပြန်လည်ရရှိခဲ့ပြီးနောက် ကာကွယ်သူကင်းမဲ့နေတဲ့ ဂိုးပေါက်ထဲ အသာအယာ ကန်သွင်းယူခဲ့ပါတယ်။ ဒီသွင်းဂိုးက အဲ့ဒီကာလတွေမှာ ပရီးမီးယားလိဂ်ဒုတိယအမြန်ဆုံးသွင်းဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

လက်ဒလေကင်း (vs ဘရက်ဖို့ဒ်) - ၉.၈၂ စက္ကန့်
-----------------------------------------
လက်ဒလေကင်းက ပရီးမီးယားလိဂ်သွင်းဂိုး ၁၀ ဂိုးသာသွင်းယူခဲ့ပြီး ဒီဂိုးတွေအနက် ခြောက်ဂိုးမှာ ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ ၂၀၀၀ ပြည့်နှစ်၊ ဘရက်ဖို့ဒ်နဲ့ရင်ဆိုင်ရတဲ့ ပွဲစဉ်မှာတော့ တော့တင်ဟမ်ကြယ်ပွင့်က ပရီးမီးယားလိဂ်သမိုင်းတလျှောက်အမြန်ဆုံးသွင်းဂိုးကို သူ့ရဲ့ဂိုးသွင်းမှတ်တမ်းဆီ ရေးထိုးနိုင်ခဲ့ပါတယ်။

ကွင်းလယ်လူအဖြစ် မကြာခဏပါဝင်ကစားလေ့ရှိတဲ့ နောက်ခံလူဟာ ကိုက် ၃၀ လောက် အကွာအဝေးမှ အပြင်းကန်သွင်းယူခဲ့တာပါ။ အခုသွင်းဂိုးကြောင့် လက်ဒလေကင်းဟာ ၁၉၉၅ ခုနှစ်၊ ဒွိုင်ယော့ခ် စိုက်ထူထားတဲ့ ၁၂.၃၆ စက္ကန့်ဆိုတဲ့ စံချိန်ဟောင်းကို ဖြိုဖျက်နိုင်ပြီး ပရီးမီးယားလိဂ်သမိုင်းတလျှောက်အမြန်ဆုံးသွင်းဂိုးအဖြစ် အဲ့ဒီကာလတွေတုန်းက မှတ်တမ်းဝင်ခဲ့ပါတယ်။

ဘေးလင်း (vs အာဆင်နယ်) - ၉.၁၁ စက္ကန့်
-----------------------------------
ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်နဲ့ တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရတဲ့ ဘုန်းမောက်တို့ ရင်ဆိုင်ရတဲ့ ပွဲစဉ်ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ဘုန်းမောက်တို့က အများစုခန့်မှန်းထားသလိုမဟုတ်ဘဲ  ပရီးမီးယားလိဂ်သမိုင်းတလျှောက် ဒုတိယအမြန်ဆုံးသွင်းဂိုးနဲ့ပါ ပွဲကို ဦးဆောင်ထားခဲ့ပါတယ်။

ဘုန်းမောက်ကွင်းလယ်လူ ဘေးလင်းရဲ့ပွဲအစ ၉.၁၁ စက္ကန့်သွင်းဂိုးက အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်အပေါ် ပထမပိုင်းအပြီးအထိ ဦးဆောင်စေခဲ့သလို နောက်ခံလူဆန်စီရဲ့ခေါင်းတိုက်ဂိုးကလည်း အိမ်ရှင်အသင်းကို နောက်ကောက်ချကာ ဘုန်းမောက်တို့အတွက် နိုင်ပွဲရယူတော့မယ့်အခြေအနေကို ဖန်တီးပေးခဲ့ပါတယ်။  ဒါပေမယ့် အာဆင်နယ်က နာကျင်အချိန်ပိုနောက်ဆုံးမိနစ်အနိုင်ဂိုးနဲ့အပါအဝင် အံ့ဖွယ် comeback နဲ့ပြန်လာနိုင်ခဲ့ပြီး အိမ်ကွင်းအဖိုးတန်အနိုင်သုံးမှတ်ကို ရှာဖွေနိုင်ခဲ့ပါတယ်။

ရှိန်းလောင်း (vs ဝက်ဖို့ဒ်) - ၇.၆၉ စက္ကန့်
-------------------------------------
၂၀၀၀ ပြည့်နှစ်မှာစိုက်ထူခဲ့တဲ့ လက်ဒလေကင်းရဲ့ ပရီးမီးယားလိဂ်အမြန်ဆုံးသွင်းဂိုးစံချိန်ကို ဘယ်သူကမှ မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ၂၀၁၉ ခုနှစ်မှာတော့ ရှိန်းလောင်းက ပွဲအစ ၈ စက္ကန့်ဝန်းကျင်အကြာမှာပဲ တိုက်စစ်ဆင်မှုပြုလုပ်ကာ သွင်းဂိုးရှာဖွေပြီး လက်ဒလေကင်းရဲ့စံချိန်ကို ကျော်ဖြတ်ခဲ့ပါတယ်။

စပေးဘောမှတဆင့် ဘောလုံးလက်ခံရရှိတဲ့ ဝက်ဒ်ဖို့နောက်ခံလူ ခရိတ်ကတ်ကပ်က ဘောလုံးကို ကန်တင်ဖု့ိ ကြိုးစားချိန်မှာ ရှိန်းလောင်းက ကြားဖြတ်ဟန့်တားနိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ရှိန်းလောင်းက ဘောလုံးကို ပြိုင်ဘက်ဂိုးပေါက်ဆီ ဆွဲပြေးကာ ဂိုးသမားဖော်စတာနဲ့ တစ်ဦးချင်းရင်ဆိုင်အတွေ့ အပိုင်ကန်သွင်းယူပြီး ဆောက်သမ်တန်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။ သေချာတာကတော့ ရှိန်းလောင်းရဲ့သွင်းဂိုးက အချိန်ကာလတစ်ခုအထိ ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံးသွင်းဂိုးအဖြစ် စံချိန်တင်နေတော့မယ့်အချက်ပဲ ဖြစ်ပါတယ်။

#အယ်ဒီတာအကြိုက် #ဆောင်းပါးများ #အဲရစ်ဆင် #ပရီးမီးယားလိဂ်