ရှေ့သို့
Image

ယူနိုက်တက်ပရိသတ်တွေ အတွက် မေ့မရနိုင်တဲ့ ရလဒ်တွေနဲ့ အခါးသီးဆုံးဖြစ်ခဲ့ရတဲ့ ပွဲစဉ်အချို့ကိုပြန်လည် တူးဆွခြင်း (အပိုင်း ၁)

4:27 PM, 6 March

ပရီးမီးယားလိဂ်ပွဲစဉ် (၂၆)ရဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲအဖြစ် လီဗာပူးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်တွင် လီဗာပူးအသင်းက အန်ဖီးလ်ကွင်းအတွင်းမှာ ယူနိုက်တက်အသင်းကို ၇ - ၀ ရလဒ်ဖြင့် အနိုင်ရခဲ့ပြီး ယူနိုက်တက်ပရိတ်သတ်တွေအတွက် လက်ခံရခက်ခဲစေတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲကို ကြုံတွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ သမိုင်းတစ်လျှောက်မှာ ၁၉၉၂အလွန် သရဲနီပရိသတ်တွေအတွက် မေ့မရဖွယ် ခါးသီးလွန်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အချို့ကို ဘောလုံးစတားကနေ အမှတ်တရအနေဖြင့် ပြန်လည်ဖော်ပြပေးချင်ပါတယ်။

၁၂. ယူနိုက်တက် ၁ - ၂ မန်စီးတီး (၁၀.၂.၂၀၀၈)
ယူနိုက်တက်အသင်း အတွက် အဆိုးရွားဆုံးရလဒ်တွေပြန်ပြောင်းပြီးတွေးကြည့်ရရင် အခါသီးဆုံးပြိုင်ဘက်ဖြစ်တဲ့ မန်စီးတီးအသင်းက အဓိကဗီလိန်နေရာကနေ အမြဲပါနေခဲ့တယ်လို့ပဲ ဆိုရမှာပါ။ ဒါကြောင့်လည်း မန်စီးတီးနဲ့ ၂၀၀၈ခုနှစ်မှာ ကစားခဲ့တဲ့ ပွဲစဉ်ကို ကနဦးရည်ညွှန်းချင်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ အင်အားအတောင့်ဆုံးလူစာရင်းကို ပိုင်ဆိုင်ထားရချိန် ဖြစ်တာ ကြောင့် ရော်နယ်ဒို၊ တီဗက်ဇ်၊ ရိုင်ယန်ဂစ်တို့နဲ့ ပွဲထွက်လာတဲ့ ယူနိုက်တက်အသင်းက တိုက်စစ်အစွမ်းပြကာ အနိုင်ရဖို့ တာစူနေခဲ့ပေမဲ့ ပွဲပြီးချိန်မှာ နည်းပြ အဲရစ်ဆင်ရဲ့ မန်စီးတီးအသင်းကသာ ၁ဂိုး - ၂ဂိုးဖြင့် အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။ မြူးနစ်ဖြစ်ရပ်ဆိုး နှစ် ၅၀မြောက်နေ့မှာ မြို့ခံပြိုင်ဘက်ကို အရေးနိမ့်ခဲ့ရတာကြောင့် သရဲနီပရိသတ်တွေအတွက် ၂ထပ်ကွမ်း ဝမ်းနည်းစရာဖြစ်ခဲ့ရတာပါ။

၁၁. ဘရိုက်တန် ၄ - ၀ ယူနိုက်တက် (၇.၅.၂၀၂၂)
နည်းပြ ရန်းနက်ရဲ့ လက်ထက် ရလဒ်ပိုင်းယိမ်းယိုင်နေချိန် နည်းပြ ပေါ့တာရဲ့ ဦးဆောင်မှုနဲ့အတူ ခြေစွာနေတဲ့ ဘရိုက်တန်အသင်းကို ပရီးမီးယားလိဂ် ရာသီသိမ်းခါနီးမှာ အရေးနိမ့်ခဲ့ရတဲ့ ပွဲစဉ်ဖြစ်ပြီး ၄ - ၀ ရလဒ်အထိ ဆိုးရွားစွာ အရေးနိမ့်ခဲ့ရတာပါ။

ယူနိုက်တက်အသင်းအနေဖြင့် အမ်မက်ဇ်ကွင်းအတွင်းမှာ ကိုင်စီဒို၊ ကူကူရယ်လာ၊ ပါစကယ်ဂရော့ဘ်၊ ထရိုဆက်ဒ်တို့ရဲ့ သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရကာ ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ အရေးနိမ့်ခဲ့ရပြီး ရာသီကုန်မှာ အဆင့် ၆နေရာဖြင့် ချန်ပီယံလိဂ်ဝင်ရောက်ကစားခွင့် လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။

၁၀. ချဲလ်ဆီး ၅ - ၀ ယူနိုက်တက် (၁၀.၃.၁၉၉၉)
ယူနိုက်တက်အသင်းက ရှုံးပွဲမရှိခရီးဆက်နေချိန် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးကို အရေးနိမ့်ခဲ့ရတာကာ တကယ်မေ့မရနိုင်စရာပါ။ ပွဲကစားချိန် ပထမဆုံးမိနစ်မှာကတည်းက ဂက်စ်ပိုရက်ရဲ့ သွင်းဂိုးနဲ့အတူ ချဲလ်ဆီးအသင်းက ဦးဆောင်ခဲ့ပြီး ပွဲပြီးချိန်မှာ ၅ဂိုး အထိခွင့်ပြုခဲ့ရကာ အရေးနိမ့်ခဲ့ရတာ ဖြစ်ပေမဲ့ ရာသီသိမ်းချိန်မှာတော့ ယူနိုက်တက်အသင်းက အဆင့် ၂နေရာမှ အာဆင်နယ်အသင်းကို ၁၈မှတ်အထိအသာရယူကာ ပရီးမီးယားလိဂ်ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

၉. နယူးကာဆယ် ၅ - ၀ ယူနိုက်တက် (၂၀.၁၀.၁၉၉၆)
၁၉၉၅-၉၆ ဘောလုံးရာသီမှာ ရမှတ် ၄မှတ်အသာနဲ့ ယူနိုက်တက်အသင်းက ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးသွားခဲ့တာကြောင့် နာကျင်နေခဲ့ရတဲ့ နယူးကာဆယ်သင်းက အိမ်ကွင်းမှာ ၅ဂိုး အထိသွင်းပြီး အနိုင်ယူခဲ့တဲ့ပွဲပါ။ ဒုတိယအကျော့မှာတော့ ယူနိုက်တက်ကွင်းမှာ ၀ - ၀ သရေရလဒ်ထွက်ပေါ်ခဲ့ပေမဲ့ နည်းပြ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ အသင်းကသာ ရာသီကုန်မှာ နယူးကာဆယ်၊ အာဆင်နယ်၊ လီဗာပူးအသင်းတို့ကို ၇မှတ်အသာဖြင့် ချန်ပီယံဖြစ်ခဲ့ပါတယ်။

၈. ယူနိုက်တက် ၀ - ၃ မန်စီးတီး (၂၅.၃.၂၀၁၄)
နည်းပြ ဒေးဗစ်မိုယက်စ်ရဲ့ လက်ထက်မှာ ဖြစ်ပြီး မန်စီးတီးတိုက်စစ်မှာ ခြေစွမ်းပြနေတဲ့ ဒီဇက်ကိုရဲ့ သွင်းဂိုး ၂ဂိုးအပြင် ကွင်းလယ်ကစားသမား ယာယာတိုရေးရဲ့ သွင်းဂိုးနဲ့ မန်ချက်စတာ အပြာခြမ်းက ၃ဂိုးအသာနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ဘောလုံးရာသီကုန်မှာ မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပြီး ယူနိုက်တက်အသင်းက အဆင့် ၇နေရာတွင်သာ ရပ်တည်နိုင်ခဲ့ပါတယ်။

၇. ယူနိုက်တက် ၁ - ၄ လီဗာပူး (၁၄.၃.၂၀၀၉)
ယူနိုက်တက်အသင်းက ပွဲကစားချိန် ၂၂မိနစ်မှာသွင်းယူခဲ့တဲ့ ရော်နယ်ဒိုရဲ့ သွင်းဂိုးနဲ့အတူ ဦးဆောင်ထားနိုင်ခဲ့ပေမဲ့ လီဗာပူးအသင်းက ၄ဂိုးလိုက်သွင်းကာ အနိုင်ရခဲ့တာကြောင့် အနိုင် ၃မှတ်နဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။

ဥရောပချန်ပီယံလိဂ်ချန်ပီယံ ယူနိုက်တက်အသင်းက အဆိုပါဘောလုံးရာသီတွင် လီဗာပူးအသင်းကို ပွဲစဉ် ၂ခုလုံး အရေးနိမ့်ခဲ့ရပေမဲ့ ရာသီကုန်မှာ ၄မှတ်အသာဖြင့် ပရီးမီးယားလိဂ် ဆုဖလားကို ကိုင်မြှောက်ခွင့် ရခဲ့ပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #အယ်ဒီတာအကြိုက် #ဆောင်းပါးများ