ရှေ့သို့
Image

လီဗာပူး၂၀၁၉ခုနှစ် ဗားရှင်း ပြန်လာခြင်းနဲ့အတူ အန်ဖီးလ်ကွင်းမှာ အရှင်လတ်လတ်စားသုံးခံလိုက်ရတဲ့ သရဲနီတပ်သားများ

10:41 AM, 6 March

“ရှက်စရာကြီးကွာ” “ဖရိုဖရဲနဲ့ စုတ်ပြတ်နေတာပဲ” ဒါကတော့ လီဗာပူးအသင်းကို အရှက်ရဖွယ် ဂိုးပြတ်ရှုံးနိမ့်ခဲ့မှုအပေါ် သရဲနီကပ္ပတိန်ဟောင်းကြီး ဂယ်ရီနဗီးလ် ပေါက်ကွဲနေတာ ဖြစ်ပါတယ်။

ယမန်နေ့ည လီဗာပူးကို ၇ဂိုးပြတ်ရှုံးနိမ့်ခဲ့မှုဟာ ၁၉၃၁ခုနှစ် ဒီဇင်ဘာလက ဝုဗ်ကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ယူနိုက်တက်အသင်းရဲ့ ဂိုးအပြတ်ဆုံးရှုံးပွဲ ဖြစ်လာခဲ့ပါတယ်။ ၇ဂိုးမှာ ၆ဂိုးက ဒုတိယပိုင်း သွင်းဂိုးတွေဖြစ်ပြီး ယူနိုက်တက်က အဆိုပါအချိန်အတောအတွင်း ကြိုးကြာနီတွေကို လုံးဝယှဉ်နိုင်ခဲ့ခြင်းမရှိပါဘူး။ နဗီးလ်ကတော့ ဖာနန်ဒက်စ်တစ်ဦးတည်းကို ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

“ဒုတိယပိုင်းစွမ်းဆောင်ရည်က တော်တော်လေးရှက်စရာကောင်းပါတယ်။ လုံးဝကို ဖရိုဖရဲပါပဲ။ ဘရူနိုဖာနန်ဒက်စ် လုပ်နေပုံတွေကလည်း ရှက်စရာကောင်းပါတယ်။ ဒီပွဲက ဘယ်လောက်ထိ ကြောက်ဖို့ကောင်းလဲဆိုတာ သူတို့နားမလည်ကြပါဘူး။ ယူနိုက်တက်က အန်ဖီးလ်ကွင်းထဲမှာ အရှင်လတ်လတ် စားသုံးခံလိုက်ရသလိုပါပဲ”လို့ ဝေဖန်ခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ဒုတိယပိုင်း စွမ်းဆောင်ရည်ညံ့ဖျင်းမှုတွေအတွင်း ဖာနန်ဒက်စ်ရဲ့ စိတ်ပျက်နေမှုက ပိုမိုပေါ်လွင်နေခဲ့ပါတယ်။ တစ်ကြိမ်မှာဆိုရင် လူငယ်လေး ဘာ့ဂ်ဆီတစ်က သူ့ကို ကျော်ပြေးသွားချိန် ဖာနန်ဒက်စ်က ပြေးလိုက်ပြီး ဖျက်ထုတ်ဖို့မလုပ်ဘဲ မတ်တပ်ရပ်ပြီးကျန်ခဲ့တာကို တွေ့ရပါတယ်။ ၈၅မိနစ်မှာ ရက်ရှ်ဖို့ဒ် လူစားလဲခံရချိန် သူလည်း လူစားလဲခံချင်တယ်ဆိုပြီး ကွင်းဘေးကို အမူအရာလုပ်ပြတာကလည်း နဗီးလ်ကို ပေါက်ကွဲစေခဲ့ပါတယ်။

နဗီးလ်က “ငါ ဘာလို့ လူစားလဲမခံရတာလဲဆိုပြီး သူလှမ်းမေးနေတာပါ။ ဖာနန်ဒက်စ်က လက်ညိုးတွေ ဟိုထိုးဒီထိုးလုပ်ပြီး နည်းနည်းထိတာနဲ့ မျက်နှာကိုကိုင်ပြီး လှဲချနေတာကို မြင်နေရာ တော်ပါပြီ။ ဒါက ယူနိုက်တက်အသင်းခေါင်းဆောင်တစ်ယောက်ရဲ့ စွမ်းဆောင်ရည်မျိုး မဟုတ်ဘဲ တန်ဟတ် ဒါကို ကိုင်တွယ်မယ်ဆိုတာ သေချာပါတယ်” “ပုံမှန် လေ့ကျင့်ခန်းတွေ ဆက်လုပ်ဦးမှာသေချာပေမယ့် ဒီလိုအရှက်တကွဲအရှုံးကို သူတို့ ရင်ဆိုင်ရပါမယ်”လို့ ဆိုပါတယ်။

ဖာနန်ဒက်စ်ဟာ အကူဒိုင်ကိုလည်း တွန်းထိုးမှုတွေ ပြုလုပ်ခဲ့ဟန်ရှိတာကို လူမှုကွန်ရက် ပရိသတ်အချို့က ထောက်ပြခဲ့ကြပါတယ်။ ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းဖြစ်သူ ရွိုင်ကိန်းကလည်း ဖာနန်ဒက်စ်ရဲ့ အပြုအမူအပေါ် ပေါက်ကွဲခဲ့ပါတယ်။

“ဖာနန်ဒက်စ်ရဲ့ ဒီနေ့လုပ်ပုံကိုင်ပုံတွေက ရှက်စရာကောင်းလွန်းပါတယ်။ သူက အရည်အချင်းပြည်ဝပြီး အသင်းခေါင်းဆောင်တစ်ဦးဖြစ်ပေမယ့် လက်ညှိုးဟိုထိုးဒီထိုးလုပ်တာ၊ နောက်ကို ပြန်မလိုက်တာတွေက အဝတ်လဲခန်းထဲ အဆင်ပြေစေမှာ မဟုတ်ပါဘူး”လို့ ဆိုခဲ့ပါတယ်။ ကွင်းထဲမှာ စိတ်ပျက်နေတဲ့အမူအရာတွေ ပြသနေခဲ့ပေမယ့် ပွဲအပြီးမှာ ဖာနန်ဒက်စ်တစ်ယောက် မီဒီယာကိုတော့ ဖြေကြားပေးခဲ့ပါတယ်။

“ဒီရလဒ်က ဆိုးရွားခဲ့တာကြောင့် အရမ်း စိတ်ပျက်စရာဖြစ်ပြီး ဝမ်းနည်းရပါတယ်။ ကျွန်တော်တို့ အရင်ကလည်း ခုလိုရှုံးနိမ့်မှုမျိုးရှိခဲ့တာကြောင့် အမြန်ဆုံး ပြန်လာနိုင်ဖို့ လိုပါတယ်။ ဒါက ယူနိုက်တက်ဖြစ်နေရတဲ့အကြောင်းပါပဲ။ ကျွန်တော်တို့ ရှုံးနိမ့်နိုင်ပေမယ့် ပြန်လာနိုင်ဖို့ လိုပါတယ်”လို့ ဖာနန်ဒက်စ်က ဆိုပါတယ်။

ယူနိုက်တက်မှာ ဘာတွေမှားယွင်းခဲ့လဲ?
--------------------------
ယူနိုက်တက်မှာတော့ အရာအားလုံးမှားယွင်းခဲ့တာပါ။
ရွိုင်ကိန်းက လီဗာပူးရဲ့ ဂိုးပြတ်ခြေမှုန်းခြင်းခံရတဲ့ပွဲစဉ်မှာ စီနီယာကစားသမားတွေ ပျောက်ဆုံးနေခဲ့ပြီး ရှက်စရာကောင်းတဲ့ စွမ်းဆောင်ရည်ကိုသာ ပြသခဲ့တယ်လို့ သုံးသပ်ခဲ့ပါတယ်။
ယခုလို ဂိုးပြတ်ရှုံးပွဲဟာ ယူနိုက်တက်အသင်း နယူးကာဆယ်ကို အနိုင်ယူပြီး ကာရာဘောင်ဖလားဆွတ်ခူးမှုရဲ့ တစ်ပတ်အကြာမှာ ဖြစ်ပေါ်ခဲ့တာပါ။
ယူနိုက်တက်ရဲ့ လိဂ်စွမ်းဆောင်ရည်ကလည်း တကယ်ကို ကောင်းမွန်ပြီး ပွဲဦးထွက် ရှုံးပွဲနှစ်ပွဲအပြီး အန်ဖီးလ်ပွဲစဉ်မတိုင်ခင် ၂၂ပွဲကစားပြီး ရမှတ်၄၉မှတ်အထိ ရရှိခဲ့ပါတယ်။
ဒါပေမယ့် လီဗာပူးနဲ့ပွဲ ပထမပိုင်းမှာတင် ယူနိုက်တက်တို့ တကယ့်အခိုက်အတန့်အချို့ ရခဲ့ပေမယ့် ကတ်စ်မဲရိုးရဲ့ ပေးပို့မှုတွေ လွဲချော်နေသလို အန်တိုနီရဲ့ ဖြတ်တင်ဘောတွေကလည်း အသင်းဖော်တွေထံ မရောက်ခဲ့ပါဘူး။
ဒုတိယပိုင်းအစ ၅မိနစ်အတွင်း လီဗာပူးအသင်းက နှစ်ဂိုးဆက်တိုက်သွင်းပြီး ၃-ဝဂိုးနဲ့ ဦးဆောင်လိုက်ချိန်မှာတော့ ယူနိုက်တက်အသင်းက တစ်စစီကျိုးပဲ့သွားခဲ့ပါတယ်။

လီဗာပူး ၂၀၁၉ခုနှစ်ဗားရှင်း ပြန်လာခြင်း
-------------------------
ယူနိုက်တက်အသင်း ခုလို ဂိုးပြတ်ရှုံးပွဲတွေ့ခဲ့ရတာ သူတို့ရဲ့ခြေစွမ်းတွေ ဆိုးရွားမှုအပြင် လီဗာပူးအသင်း အရမ်းကောင်းခဲ့တာကလည်း အဓိကအချက်ဖြစ်နေပါတယ်။
လီဗာပူးအသင်းဟာ ယခင်နှစ်တွေအတွင်းက ပြသခဲ့တဲ့ခြေစွမ်းမျိုး ပြန်လည်ပြသနိုင်ခဲ့ပြီး ခံစစ်ရော၊ တိုက်စစ်ပါ အကောင်းဆုံးခြေစွမ်းမျိုး ပြသနိုင်ခဲ့ပါတယ်။
နွေရာသီက ခေါ်ယူထားတဲ့ တိုက်စစ်မှူးသစ် ဒါဝင်နူနက်ဇ်နဲ့ ဇန်နဝါရီက ခေါ်ယူထားတဲ့ ကိုဒီဂတ်ပိုတို့က ဆာလက်နဲ့အတူ တစ်ယောက်ကို နှစ်ဂိုးစီသွင်းယူနိုင်ခဲ့ပြီး ဒါကလည်း လီဗာပူးအနာဂတ်တိုက်စစ်အတွက် စိတ်လှုပ်ရှားစရာတွေ ပေးစွမ်းခဲ့ပါတယ်။
ဘာမင်ဂမ်တိုက်စစ်မှူး ထရိုင်ဒီနေးက “ဒီတိုက်စစ်အတွဲက လီဗာပူးရဲ့ အရင်တိုက်စစ်အတွဲနဲ့မတူကွဲပြားတဲ့အရာ ပိုင်ဆိုင်ထားပါတယ်။ ငယ်ရွယ်တယ်၊ လျင်မြန်ပြီး တောင့်တင်းတယ်။ ဂတ်ပိုက ဖာမီနို2.0ဗားရှင်းပါ။ ကျွန်တော်အကြိုက်ဆုံးအချက်ကတော့ တိုက်စစ်မှူုးနေရာမှာ အမြဲတမ်းတစ်ဦးဦးရှိနေတာပါပဲ။ သူတို့က ပစ်လွှတ်ထားတဲ့ မြှားတွေလိုပါပဲ”လို့ သုံးသပ်ခဲ့ပါတယ်။
ယူနိုက်တက်ကတော့ ဘယ်လောက်ပဲကောင်းကောင်း အန်ဖီးလ်မှာဆိုရင် ဂိုးပြတ်ရှုံးတတ်တဲ့ အစဉ်အလာကို ဆက်ထိန်းသွားသလို ဆာလက်ကလည်း အင်္ကျီချွတ်အောင်ပွဲခံတာ အများဆုံးက ယူနိုက်တက်နဲ့ပွဲမှာလို့ သိရပါတယ်။ ဘာပဲပြောပြော ဂိုးပြတ်ရှုံးပြီးသွားပြီးဆိုတော့ လာမယ့် ဘက်တစ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ယူနိုက်တက်တို့ အကောင်းဆုံး ရုန်းထမလား? လီဗာပူးကရော ဒီလို အင်္ဂလန်ဒါဘီဂိုးပြတ်နိုင်ပွဲကြောင့် အရင်တုန်းက ခြေစွမ်းမျိုးပြန်ရပြီး ရာသီကုန် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို ရယူသွားမလား ဆိုတာကတော့….

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #အယ်ဒီတာအကြိုက် #ပရီးမီးယားလိဂ်