ရှေ့သို့
Image

ရိုးမားနဲ့ ကစားခဲ့တဲ့ပွဲစဉ်တွင် လူစားဝင်ပြီး ၄၆စက္ကန့်အကြာမှာ အနီကဒ်ပြသခံလိုက်ရတဲ့ မွိုက်စ်ကိန်း

9:26 AM, 6 March

စီးရီးအေပွဲစဉ် (၂၅)ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ရိုးမားအသင်းနဲ့ ဂျူဗင်တပ်စ်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ပွဲစဉ်တွင် အိမ်ရှင်ရိုးမားအသင်းက ဂျူဗင်တပ်စ်အသင်းကို ၁ - ၀ ရလဒ်ဖြင့် အနိုင်ရခဲ့ပြီး ဒုတိယပိုင်းပွဲကစားချိန်အတွင်း လူစားဝင်လာတဲ့ ဂျူဗင်တပ်စ် စတား မွိုက်ကိန်းက လူစားဝင်အပြီး ၄၆စက္ကန့်အကြာမှာ ပြိုင်ဘက်ကစားသမားကို ကစားပုံကြမ်းတာကြောင့် အနီကဒ်ပြသခံလိုက်ရတာပဲ ဖြစ်ပါတယ်။

နည်းပြ မော်ရင်ဟိုရဲ့ရိုးမားအသင်းက ပထမပိုင်းပွဲကစားချိန်အတွင်းမှာ သွင်းဂိုး ရရန်ရုန်းကန်နေခဲ့ရပေမဲ့ ဒုတိယပိုင်း ပွဲကစားချိန် ၅၃မိနစ်အရောက်တွင် မန်စီနီက ၁လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရိုးမားသင်းက မန်စီနီရဲ့ ဦးဆောင်ဂိုးနဲ့အတူ ထိန်းကစားကာ အနိုင်ရလဒ်ဖော်ဆောင်ရန် ကြိုးပမ်းနေချိန် ဂျူဗင်တပ်စ်အသင်းရဲ့ အဲဗာတန်အသင်းကနေ အငှားခေါ်ယူထားခဲ့တဲ့ တိုက်စစ်ကစားသမား မွိုက်စ်ကိန်းက အခြားတိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ ဂျူလီယန်ကွာဒရာဒိုရဲ့နေရာမှာ လူစားဝင်လာခဲ့ပေမဲ့ ၄၆စက္ကန့်အကြာမှာ အဖွင့်ဂိုးရှင် မန်စီနီကို ဝင်ရောက်ကစားပုံကြမ်းခဲ့တာကြောင့် ကွင်းလယ်ဒိုင်လူကြီးက အနီကဒ်ပြသကာ ကွင်းအတွင်းမှ ထုတ်ပယ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

မန်စီနီရဲ့ သွင်းဂိုးနဲ့အတူ နိုင်ပွဲရခဲ့တာကြောင့် နည်းပြ မော်ရင်ဟိုရဲ့ ရိုးမားအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်ဖြစ်စေမယ့် အဆင့် ၄အတွင်းကို ပြန်လည်ဝင်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းက ရိုးမားအသင်းနဲ့ ပွဲစဉ်အပြီးမှာ ဘွန်ဒက်စ်လီဂါမှာ ပုံစံကောင်းရနေတဲ့ ဖရိုင်းဘတ်အသင်းနဲ့ ကြာသပတေးနေ့တွင် ယူရိုပါလိဂ် ၁၆သင့်အဆင့်ပွဲစဉ် ယှဉ်ပြိုင်ကစားသွားရမှာပဲ ဖြစ်ပါတယ်။

#စီးရီးအေ #ဂျူဗင်တပ်စ် #မန်စီနီ #မွိုက်စ်ကိန်း