ရှေ့သို့
Image

လိဒ်ကို အနိုင်ရပြီးနောက် အသင်းနဲ့ပတ်သက်လို့ သတင်းစကားပေးပို့လိုက်တဲ့ နည်းပြပေါ်တာ

7:17 AM, 5 March

မနေ့ညပိုင်း၊ လိဒ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်က သူ့ရဲ့အသင်းအတွက် တည်ဆောက်ရမယ့်အရာအချို့ကို ပေးစွမ်းခဲ့တယ်လို့ ချဲလ်ဆီးနည်းပြဂရေဟမ်ပေါ်တာက ပြောလိုက်ပါတယ်။

စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းအတွင်း ဖိုဖာနာရဲ့ပွဲချိန်ဒုတိယပိုင်းခေါင်းတိုက်သွင်းဂိုးက ချဲလ်ဆီးအတွက် အရေးပေါ်လိုအပ်နေတဲ့ အနိုင်သုံးမှတ်ကို ပေးစွမ်းခဲ့ပါတယ်။

ဒါ့အပြင် ဒီသွင်းဂိုးက နောက်ဆုံးသုံးပွဲဆက်ဂိုးပေါက်ပျောက်ခဲ့တဲ့ ချဲလ်ဆီးအတွက် ပထမဆုံးသွင်းဂိုးဖြစ်လာခဲ့သလို နောက်ဆုံး ၁၁ ပွဲမှာ တစ်ပွဲသာအနိုင်ရလို့ ဖိအားတွေအောက် ကျရောက်နေတဲ့ နည်းပြပေါ်တာအတွက် အနည်းငယ်သက်သာရာရစေခဲ့ပါတယ်။

ပွဲစဉ်တလျှောက်လုံး စိတ်လှုပ်ရှားစရာအခိုက်အတန့်တွေရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ ချဲလ်ဆီးကပဲ ပန်းဝင်ခဲ့တာကို မြင်တွေ့ရမှာပါ။ ဖိုဖာနာရဲ့သွင်းဂိုးအပြီး မကြာခင်မှာပဲ လိဒ်တိုက်စစ်မှူးရက်တာက ချေပဂိုးရရှိဖို့ အားထုတ်လာမှုကို ချဲလ်ဆီးဂိုးသမားကီပါ ကာကွယ်နိုင်ခဲ့လို့ ရေတိမ်မနစ်ခဲ့ရတာပါ။

ပေါ်တာက "ဒါက ကြီးမားလွန်းပါတယ်။ ကစားသမားတွေနဲ့ ပရိသတ်တွေအတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။ ကျွန်တော်တို့တွေ အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရသလို စိန်ခေါ်မှုများပြားတဲ့ ကာလတစ်ခုကို ဖြတ်သန်းခဲ့ပါတယ်။ ကျွန်တော့်အမြင်အရ အသင်းဟာ ပထမပိုင်းမှာ အကောင်းဆုံးကစားနိုင်သလို တိုက်စစ်ဆင်မှုတွေလည်း ကောင်းမွန်ခဲ့ပါတယ်။

ကျွန်တော်တို့က ရှုံးနိမ့်မှုအချို့နဲ့ ရင်ဆိုင်ထားရတဲ့ အသင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲစဉ်ရလဒ်ပိုင်းက ကစားသမားတွေရဲ့ ကောင်းမွန်တဲ့စရိုက်လက္ခဏာတွေကို ပြသနေပြီး အသင်းရဲ့စည်းလုံးမှုကိုလည်း ဖွင့်ဆိုနေပါတယ်။ ဒီပွဲစဉ်ရလဒ်ပိုင်းက ကျွန်တော်တို့တည်ဆောက်ရမယ့်အရာအချို့ကို ပေးစွမ်းခဲ့ပါတယ်။

လူတိုင်းကတော့ ဂရုတစိုက်ပါပဲ။ ကစားသမားတွေက အနိုင်ရချင်သလို ပရိသတ်တွေကလည်း အကောင်းဆုံးလုပ်ပြဖို့ အလိုရှိခဲ့တယ်။ ပရီးမီးယာလိဂ်မှာ ၁-၀ ဂိုးနဲ့ ဦးဆောင်ထားတယ်ဆိုတာက ဘာမှမဟုတ်သေးပါဘူး၊ အရာရာတိုင်း ဖြစ်လာနိုင်သေးပါတယ်။ ကျွန်တော်တို့ သွားနေတဲ့လမ်းကြောင်းကို ကြည့်လိုက်မယ်ဆိုရင်တော့  ဒါက သိပ်တော့အံ့ဩစရာမဟုတ်တော့ပါဘူး။

ကစားသမားတွေက အနိုင်ရလဒ်ကို ရှာဖွေနိုင်ခဲ့သလို ဒီရလဒ်ပိုင်းနဲ့အတူပဲ ကျွန်တော်တို့ ရှေ့ဆက်သွားရပါလိမ့်မယ်"လို့ ပြောပါတယ်။

ချဲလ်ဆီးက လာမယ့်အင်္ဂါနေ့ညပိုင်းမှာ ဒေါ့မွန်နဲ့ ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့် အိမ်ကွင်းပွဲစဉ်ကို ယှဉ်ပြိုင်ကစားရဖို့ ရှိပါတယ်။

ဒေါ့မွန်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်နဲ့ ပတ်သက်လို့ ပေါ်တာက "ပွဲအပေါ်အာရုံစိုက်ထားဖို့ပဲ လိုအပ်ပါတယ်။ ပြင်ပက ဝေဖန်သံတွေကိုတော့ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ လာမယ့်အင်္ဂါနေ့ညပိုင်းမှာ ကျွန်တော်တို့အတွက် ကြီးမားတဲ့ပွဲစဉ်တစ်ခု၊ ကြီးမားတဲ့အခွင့်အလမ်းတစ်ခု ရှိနေပါတယ်။ ဒီအတွက် ကျွန်တော်တို့ တိုက်ခိုက်သွားရပါမယ်။

ပွဲတိုင်းကတော့ အရေးကြီးပါတယ်။ ဒါက စိတ်ဓါတ်နဲ့ယုံကြည်မှုပိုင်းကို မြှင့်တင်ပေးပါတယ်။ လာမယ့်အင်္ဂါနေ့ညပိုင်းမှာ ပွဲကြီးပွဲကောင်းတစ်ပွဲနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်"လို့ ဆက်ပြောခဲ့ပါတယ်။

#ချဲလ်ဆီး #လိဒ်စ်ယူနိုက်တက် #ပေါ်တာ