ရှေ့သို့
Image

ဒီဂျောင်ကို ယူနိုက်တက်က ခေါ်ယူနိုင်မှာကို လီဗာပူး အနေနဲ့ စိုးရိမ်သင့်တယ်လို့ပြောခဲ့တဲ့ မာဖီ

11:01 AM, 4 March

လီဗာပူးကစားသမားဟောင်း ဒန်နီမာဖီက သူ့ရဲ့အသင်းဟောင်းအနေနဲ့ ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်က ဘာစီလိုနာက ဖရန်ကီဒီဂျောင်လို super talent  ကစားသမားကို ခေါ်ယူဖို့ကြိုးစားနေမှုအပေါ် စိုးရိမ်စိတ်ထားသင့်တယ်လို့ သတိပေးခဲ့ပါတယ်။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်ဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက အေဂျက်စ်မှာ အတွဲညီခဲ့တဲ့ တပည့်ဟောင်း ဖရန်ကီဒီဂျောင်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ဘာစီလိုနာကနေ နယ်သာလန်သား အသင်းပြောင်းချင်အောင် မဆွဲဆောင်နိုင်ခဲ့ပါဘူး။ လာမယ့်အပြောင်းအရွှေ့ကာလမှာတော့ စပိန်ထိပ်သီးအသင်းဟာ ဘဏ္ဍာငွေ ပေါင် ၁၇၈ သန်းလောက်ထိ လိုအပ်နေတာကြောင့် အပြောင်းအရွှေ့ဈေးကွက်ထဲကို ထပ်မံဝင်ရောက်ဖွယ် ရှိနေပါတယ်။

မကြာသေးမီက ထွက်ပေါ်လာတဲ့ သတင်းတွေအရလည်း ဒီဂျောင်ကိုယ်တိုင်က လက်ရှိယူနိုက်တက်မှာ ခြေစွမ်းပြနေတဲ့ ကွင်းလယ်ကစားသမား ကတ်စ်မဲရိုးနဲ့ တွဲကစားဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ကွင်းလယ်ကစားသမားအဖြစ် ပရီးမီးယားလိဂ်ပွဲပေါင်း ၃၀၀ ကျော်ကစားခဲ့ဖူးတဲ့ လက်ရှိ Sportmail ရဲ့ အားကစားကလောင်ရှင် မာဖီကလည်း ဒီဂျောင်သာ ယူနိုက်တက်ကို ရောက်လာရင် အကောင်းဆုံး  ကစားသမား ခေါ်ယူမှုဖြစ်လာလိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။

မာဖီက “လီဗာပူးဘက်ကနေ ကြည့်ရင် စိုးရိမ်ရမယ့်အချက်ကို ပြောပြမယ်။ အဓိကက အဲရစ်တန်ဟတ်နဲ့ ဖရန်ကီဒီဂျောင်တို့ကြားက ရင်းနှီးမှုပဲ။ ဘာစီလိုနာကလည်း ကစားသမားတစ်ချို့ကို ရောင်းထုတ်မယ်လို့ သတင်းထွက်ပြီးသားပါ။ သူတို့ရဲ့ဘဏ္ဍာရေးလိုအပ်ချက်က ပေါင်သန်း ၁၀၀ ကျော်တယ်၊ ဆိုလိုတာက ဒီဂျောင်ကိုသာ ရောင်းမယ်ဆိုရင် မျိုးမျိုးမြတ်မြတ်ရဖို့ သေချာနေတော့ သူတို့ရောင်းကို ရောင်းလိမ့်မယ်။ ဒီတော့ ယူနိုက်တက်ကိုသာ ရောက်လာမယ်ဆိုရင် ဒီဂျောင်က အခုအဲရစ်ဆင် ကစားနေတဲ့ ကတ်စ်မဲရိုးရဲ့ တွဲဖက်ကွင်းလယ်လူနေရာကို ကစားလိမ့်မယ်။ အဲရစ်ဆင်ကတော့ အရန်ကစားသမားဖြစ်သွားနိုင်တယ်။ နှစ်ယောက်စလုံးက ကွင်းလယ်ဖန်တီးရှင်တွေဖြစ်လို့ ဒီဂျောင်ကိုမရခဲ့တဲ့အတွက် အဲရစ်ဆင်ကိုခေါ်ခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒီဂျောင်ကတော့ နည်းနည်းပိုကောင်းတယ် ဘောလုံးလက်ခံမှုအပိုင်းမှာ ပိုသားပေမယ့် တူတဲ့အချက်တွေလည်း များပါတယ်။ ဖရန်ကီဒီဂျောင်ဆိုတာ စူပါပါရမီရှင်ကစားသမားတစ်ယောက်ပါ။ သူက ယူနိုက်တက်အတွက် ကြီးမားတဲ့ အင်အားတစ်ခုဖြစ်မှာ သေချာတယ်။ မန်ချက်စတာယူနိုက်တက်အတွက် တကယ့်ကို ကောင်းမွန်တဲ့ ခေါ်ယူမှုတစ်ခုဖြစ်လာပါလိမ့်မယ် ” လို့ပြောခဲ့ပါတယ်။

ဒီဂျောင်လိုကမ္ဘာ့အဆင့်မီ ကွင်းလယ်လူတစ်ယောက်ကို မခေါ်နိုင်ပေမယ့် ယူနိုက်တက်ဟာ နည်းပြတန်ဟတ် လက်ထပ်ပထမဆုံး ဆုဖလားကို ရရှိခဲ့ပြီဖြစ်သလို ပြည်တွင်းလိဂ်မှာလည်း ခြေစွမ်းပြသနေပါတယ်။ ယူရိုပါလိဂ်မှာလည်း ဒီဂျောင်ပါဝင်တဲ့ ဘာကာကို ရှုံးထွက်အဆင့်မှာ ဖြုတ်ချပြီး နောက်တစ်ဆင့်တက်နိုင်ခဲ့သလို ပြီးခဲ့တဲ့ ကြားရက်ကမှ ဝက်စ်ဟမ်းကို အနိုင်ယူပြီး FA ဖလားမှာလည်း နောက်တစ်ဆင့်တက်ခဲ့ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်မှာလည်း အဆင့် ၁ က အာဆင်နယ်နဲ့ ရမှတ် ၈မှတ်သာ ကွာဟနေပါတယ်။ မနက်ဖြန် (တနင်္ဂနွေနေ့) မှာတော့ အင်္ဂလန်ဒါဘီအဖြစ်နဲ့ လီဗာပူးကို ရင်ဆိုင်ကစားရမှာပဲ ဖြစ်ပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #ဒီဂျောင် #မာဖီ