ရှေ့သို့
Image

ဘာစီလိုနာနှင့် တရားဝင်စာချုပ် ချုပ်ဆိုလိုက်တဲ့ ရော်နယ်ဒင်ဟိုရဲ့သား

11:39 AM, 3 March

ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ အသက် ၁၈ နှစ်ပြည့်ခဲ့ပြီးနောက် ရော်နယ်ဒင်ဟိုရဲ့သား ဂျာအိုမန်ဒက်စ်ဟာ ဘာစီလိုနာနှင့် တရားဝင်စာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

ဘရာဇီးဂန္တဝင်ရဲ့သားဟာ ဇန်နဝါရီလတွင် စမ်းသပ်ကာလပြီးဆုံးခဲ့ပြီးနောက် ကြာသပတေးနေ့တွင် ဘာစီလိုနာနှင့် တရားဝင်စာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ကာ ကလပ်ရဲ့နာမည်ကြီး လာမက်ဆီယာအကယ်ဒမီနှာ သူ့ရဲ့ခရီးစဉ်ကို စတင်တော့မှာဖြစ်ပါတယ်။ မန်ဒက်စ်ဟာ လူငယ်အဆင့်တွင် ဗက်စ်ကိုဒါဂါးမားနှင့် ဘိုယာဗစ်စ်တာ အာရ်ဂျေတို့တွင် ကစားခဲ့ပြီးနောက် သူ့ရဲ့ ကစားသမားဘဝကို ဖလာမင်ဂိုတွင် စတင်ခဲ့တာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်မှာ ခရူဇီယိုရဲ့ ကင်းထောက်တွေရဲ့ သဘောကျခြင်းကိုခံခဲ့ရပြီးနောက် ကလပ်နှင့် ၆ နှစ် သက်တမ်းရှိစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဘရာဇီးကလပ်မှာ ၃ နှစ်တာ ကစားခဲ့ပြီးနောက်မှာတော့ မန်ဒက်စ်ဟာ စာချုပ်ကို ဖျက်သိမ်းဖို့ ဆုံဖြတ်ခဲ့ပြီး ဘာစီလိုနာသို့ စမ်းသပ်ကာလအဖြစ် လာရောက်ကစားခဲ့ကာ အခုတော့ အသင်းရဲ့ ယူ ၁၉ ကစားသမားအဖြစ် ကိုယ်စားပြုပါဝင်တော့မှာ ဖြစ်ပါတယ်။ မန်ဒက်စ်ဟာ ဘာစီလိုနာမှာ လာလီဂါဖလား ၂ လုံးနှင့် ချန်ပီယံလိဂ်ဖလားတို့ ရရှိခဲ့ပြီး ဘော်လွန်းဒီအော်ဆု ရရှိခဲ့တဲ့ သူ့ဖခင်ရဲ့ခြေရာကို နင်းနိုင်ဖို့ မျှော်လင့်နေတာပါ။ သို့သော်လည်း လာပေါ်တာကတော့ ကလပ်အနေနဲ့ မန်ဒက်စ်အပေါ် မျှော်လင့်ချက်တွေကို ဂရုတစိုက်နဲ့ ချင့်ချိန်ဆုံးဖြတ်မှာဖြစ်ကြောင်းပြောဆိုထားပါတယ်။

"ရော်နယ်ဒင်ဟိုဟာ ဘောလုံးလောကရဲ့အကောင်းဆုံးတွေထဲက တစ်ဦးဖြစ်တာကြောင့် သူ့မှာဖိအားတွေတော့ ရှိမှာပါ။ သားဖြစ်သူမှာ ဖိအားတွေရှိမှာဖြစ်သော်လည်း သူ့ရဲ့စွမ်းရည်တွေကို တိုးတက်ဖို့အတွက်က ကျွန်တော်တို့ နည်းပြတွေရဲ့ အလုပ်ဖြစ်ပါတယ်"လို့ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌက ဖေဖော်ဝါရီလအစောပိုင်းတုန်းက Mundo Deportivo gala မှာပြောထားတာပါ။

ရော်နယ်ဒင်ဟို ကိုယ်တိုင်ကလည်း သူ့သားရဲ့ ဘာစီလိုနာသို့ ရောက်ရှိမှုအပေါ် စိတ်လှုပ်ရှားမိကြောင်း ပြောဆိုထားသလို ကလပ်မှာအချိန်ပိုပြီးရှိဖို့ ပြောဆိုထားပါတယ်။ Mundp Deportivo gala မှာပဲ ရော်နယ်ဒင်ဟိုက "ဘာစီလိုနာက ကျွန်တော့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ကျွန်တော်ဘယ်သွားသွား ဘာစီလိုနာနှင့်အတူရှိနေတာပါ။ ဘာစီလိုနာသို့ ကျွန်တော့်ရဲ့သားရောက်လာမှုနဲ့အတူ အရင်ကထက် အဲ့ဒီမှာ ပိုပြီးရှိလာတော့မှာဖြစ်ပါတယ်" လို့ ပြောပါတယ်။

ဘာစီလိုနာနှင့် တရားဝင်စာချုပ်ချုပ်ဆိုပြီးနောက် မန်ဒက်စ်ဟာ ယူ ၁၉ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ အာရုံစိုက်ရတော့မှာဖြစ်ပြီး သူ့ရဲ့အသင်းဟာ ဒီတစ်ပတ်မှာ ဂျီနိုအာဂျူဗန်နီအေနှင့် တွေ့ဆုံရမှာဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ရော်နယ်ဒင်ဟို #မန်ဒက်စ်