ရှေ့သို့
Image

လူငယ်ချန်ပီယံလိဂ်ပွဲစဉ်မှာ သွေးထွက်သံယိုဖြစ်တဲ့အထိ ရန်ပွဲဖြစ်ခဲ့တဲ့ လီဗာပူးနဲ့ ပေါ်တိုပွဲ

3:43 PM, 2 March

မနေ့ညက UEFA လူငယ်လိဂ်ပွဲစဉ်မှာ လီဗာပူးယူ ၁၉ အသင်းနဲ့ ပေါ်တိုလူငယ်အသင်းတို့ ပြင်းထန်တဲ့ ခိုက်ရန်ဖြစ်ပွားမှုတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။

၁-၁ သရေရလဒ်ကြောင့် ပင်နယ်တီထိရောက်ခဲ့ပြီး လီဗာပူးက ၆-၅ နဲ့ အနိုင်ရရှိကာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ ဒါပေမယ့် ပွဲပြီးဆုံးချိန်မှာတော့ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်ခဲ့ပါတယ်။ ပေါ်တိုတောင်ပံကစားသမား အူမာရိုကန်ဒီရဲ့ ပင်နယ်တီကန်ချက်က ဘားတန်းထိထွက်ခဲ့ပြီးနောက် လီဗာပူးလူငယ်တွေက သူတို့ရဲ့ဂိုးသမားဆီကို ပြေးပြီးအောင်ပွဲခံခဲ့ရာကနေ ကြီးမားတဲ့ ရန်ပွဲတစ်ခုဖြစ်သွားခဲ့တာပဲ ဖြစ်ပါတယ်။

ဗီဒီယိုတွေအရတော့ နှစ်သင်းစလုံးဟာ ကစားသမားတွေဟာ ပင်နယ်တီဧရိယာထဲက ရန်ပွဲအတွင်းကို ပါဝင်ခဲ့ကြပြီး ထိုးကြိတ်၊ ကန်ကျောက်တဲ့ထိ ဖြစ်ခဲ့ပါတယ်။ ပေါ်တိုဂိုးသမား ဂွန်ကာလိုရီဘီရိုဆိုရင် ကွင်းထဲမှာ လဲကျသွားခဲ့ပြီး စည်းကျပ်ဒိုင်ကလည်း လက်ကိုဝှေ့ယမ်းက အခြေအနေကို ထိန်းဖို့ကြိုးစားခဲ့ပါတယ်။ အခြေအနေတွေက ရှုပ်ထွေးသွားခဲ့ပြီး လူပြန်ကွဲသွားချိန်မှာတော့ လီဗာပူးလူငယ်ကြယ်ပွင့် ဘန်ဒုတ်ခ်ကို နှုတ်ခမ်းမှာ သွေးတွေနဲ့ မြင်တွေ့ခဲ့ရပြီး အသင်းခေါင်းဆောင် ဒေါမနစ်ကောနက်စ်က ဘန်ဒုတ်ခ်ကို လူအုပ်နဲ့ဝေးရာကို ဆွဲခေါ်သွားခဲ့ပါတယ်။

ပေါ်တိုဘက်က ကန်ဒီနဲ့ရီဘီယိုတို့ နှစ်ယောက်စလုံး ရန်ပွဲစတင်ခဲ့မှုကြောင့် ထုတ်ပယ်ခံခဲ့ရပါတယ်။ ဘန်ဒုတ်ခ်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဆဲလ်တစ်ကနေ ပြောင်းရွှေ့လာသူဖြစ်ပြီးိ စီနီယာအသင်းမှာလည်း ပရီးမီးယားလိဂ် ၂ ပွဲနဲ့ အက်ဖ်အေဖလား ၂ ပွဲ စုစုပေါင်း ၄ ပွဲပါဝင်ကစားခွင့် ရရှိထားပါတယ်။ ဒီရာသီ လူငယ်ချန်ပီယံလိဂ်မှာလည်း သွင်းဂိုး ၄ ဂိုးထိ သွင်းယူထားပေမယ့် ပင်နယ်တီကိုတော့ လွဲချော်ခဲ့ပါတယ်။

ပွဲချိန်အစောပိုင်းကတည်းက ဂျော့မီရယ်လက်စ်ရဲ့ ဂိုးနဲ့ ပေါ်တိုက လီဗာပူးကို ဦးဆောင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘန်ဒုတ်ခ်ရဲ့ ဖန်တီးမှုကနေ မယ်ကာမူဖရူအန်ဒေါ့ဖ်က ဒုတိယပိုင်းမှာ ချေပဂိုးပြန်သွင်းယူပေးခဲ့လို့ ပင်နယ်တီထိ ရောက်သွားခဲ့တာပဲ ဖြစ်ပါတယ်။ နိုင်ပွဲရရှိခဲ့တာကြောင့် နောက်တစ်ဆင့်မှာတော့ နောက်ထပ်ပေါ်တူဂီ ထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ စပို့တင်းလစ္စဘွန်းကို ပေါ်တူဂီနိုင်ငံမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

#လီဗာပူး #ပေါ်တို