ရှေ့သို့
Image

ဒီယက်ဇ်ရဲ့ ကြံ့ခိုင်မှုနောက်ဆုံး အခြေအနေကို ထုတ်ပြောလာတဲ့ ယာဂန်ကလော့ပ်

2:25 PM, 1 March

လီဗာပူးနည်းပြယာဂန်ကလော့ပ်က ဒဏ်ရာကြောင့် အနားယူနေရတဲ့ တိုက်စစ်မှူး လူးဝစ်ဒီယက်ဇ်ဟာ အသင်းနဲ့အတူ ပြန်လည်ပူးပေါင်းနိုင်ဖို့ အတော်လေးနီးစပ်နေပြီလို့ အတည်ပြုလိုက်ပြီး လက်ကျန်ပွဲစဉ်တွေမှာ ဒီယက်ဇ်က အကျိုးသက်ရောက်မှုတစ်ခု လုပ်ပေးနိုင်မယ်လို့လည်း ယုံကြည်နေပါတယ်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှာ ဒူးဒဏ်ရာရရှိခဲ့တဲ့ ဒီယက်ဇ်က ယနေ့အချိန်အထိ အသင်းနဲ့အတူ လေ့ကျင့်ရေး ပြန်မဆင်းနိုင်ပါဘူး။ ပြီးခဲ့တဲ့ဒီဇင်ဘာလ၊ ဒူဘိုင်းအသင်းလိုက်လေ့ကျင့်ရေး အစီအစဉ်အတွင်း ဒီယက်ဇ်ရဲ့ဒဏ်ရာ ပြန်ပေါ်လာခဲ့လို့ အနားယူရမယ့်အချိန်တွေ ထပ်တိုးလာခဲ့ပြန်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့အင်္ဂါနေ့၊ ဒီယက်ဇ်ရဲ့ အပေ့ါစားလေ့ကျင့်ရေးဆင်းနေမှု အခြေအနေကို တွေ့မြင်ခဲ့ရပြီးနောက် နည်းပြကလော့ပ်က အသက်-၂၆ နှစ်အရွယ်တောင်ပံတိုက်စစ်ကစားသမားရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်လို့ နောက်ဆုံးရသတင်းစကား ပို့ဆောင်လာပါတယ်။

AXA Training Centre မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန် ဂျာမန်လူမျိုးနည်းပြက “ပြီးခဲ့တဲ့နှစ်၊ သူရောက်ရှိလာချိန်နဲ့တော့ မတူတော့ပါဘူး။ သူက ပေါ်တိုအတွက် ပွဲတွေအကုန်လုံးကို အကောင်းဆုံးကစားပေးပြီး ဒီနေရာဆီ ရောက်ရှိလာခဲ့ပါတယ်။ အခုအချိန်မှာတော့ သူက ဒဏ်ရာပြဿနာတစ်ခုကြောင့် ဒုတိယအကြိမ်အနားယူနေရပါတယ်။

ဒူဘိုင်းမှာ အသင်းနဲ့အတူ လေ့ကျင့်ရေးပြန်ဆင်းနေတုန်းကလည်း ဒီယက်ဇ်ရဲ့ခြေစွမ်းက အရမ်းကိုကောင်းမွန်ခဲ့ပါတယ်။ ပြီးတော့ ဒဏ်ရာပြန်ရသွားပြန်ရော။ ဒီယက်ဇ် အသင်းဆီပြန်လာချိန်က တကယ်ကောင်းမွန်နေမှာဖြစ်ပြီး အသင်းအတွက် အရမ်းအကျိုးရှိမှာပါ။ ဒီအချက်က ရှင်းလင်းပါတယ်။ ဒါပေမယ့် ဘယ်လောက်မြန်မြန်ပြန်လာနိုင်မလဲဆိုတာ မသိရသေးပါဘူး။ ကျွန်တော်တို့ စောင့်ကြည့်သွားရပါမယ်။ အခုလိုခက်ခဲပြီး စိန်ခေါ်မှုကြီးမားတဲ့ အခိုက်အတန့်တွေမှာ စိတ်ရှည်ရှည်နဲ့စောင့်ချင်မှာမဟုတ်ပေမယ့် အချိန်ပေးသွားရဖို့တော့ ရှိပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့ စောင့်ကြည့်သွားရပါမယ်။ ဒါပေမယ့် ကျွန်တော်အနေနဲ့ ဒီယက်ဇ်နဲ့ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ အတွေးမျိုးပဲရှိပါတယ်။ ဒီယက်ဇ်ဆီမှာ အသင်းရဲ့လက်ကျန်ပွဲစဉ် ၁၀ ပွဲ၊ ၁၁ ပွဲ သို့မဟုတ် ၁၂ ပွဲလောက်ကို ပါဝင်ကစားခွင့်ရမယ့် အခွင့်အလမ်းတစ်ခုလည်း ရှိနေပါတယ်။ ဒါကြောင့် ဘယ်လောက်ကြာကြာ အချိန်ယူရမလဲဆိုတာ စောင့်ကြည့်ကြရအောင်ပါ။

သူက နောက်တစ်ပတ်လောက်မှာ အသင်းနဲ့အတူ သွေးပူလေ့ကျင့်ခန်းဆင်းပြီး အဲ့ဒီရဲ့နောက်သီတင်းပတ်မှာပဲ အသင်းနဲ့အတူ လေ့ကျင့်နိုင်မယ်လို့တော့ ကျွန်တော်ယူဆမိတာပဲ။ အဲ့ဒီလိုဖြစ်လာလိမ့်မယ်ဆိုရင်တော့ အရမ်းကို ကောင်းသွားမှာပေါ့။ အမြဲစောင့်ဆိုင်းရတာမျိုး ရှိတာပေါ့။ ကျွန်တော်ပြောခဲ့သလိုပါပဲ၊ ဒီနေ့ ကျွန်တော်မြင်ခဲ့တဲ့ အရာတွေကတော့ အရမ်းကိုပြင်းထန်တဲ့ လေ့ကျင့်ရေးအစီအစဉ်တွေပါ။ ဒီအပေါ်မှာ တုံ့ပြန်မှုမရှိဘူးဆိုရင် သူနောက်တစ်ဆင့် လုပ်နိုင်ပါပြီ။ ဒါဆိုရင်တော့ သူပြန်လာဖို့ သိပ်မဝေးတော့ပါဘူးလို့ ရှင်းပြခဲ့ပါတယ်။

#လီဗာပူး #ကလော့ပ် #ဒီယက်စ် #ပရီးမီးယားလိဂ်