ရှေ့သို့
Image

တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူဖို့ ယူနိုက်တက်ကို တိုက်တွန်းခဲ့တဲ့ ဆာအဲလက်စ်ဖာဂူဆန်

1:37 PM, 1 March

မန်ချက်စတာယူနိုက်တက် ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ကတော့ သူ့ရဲ့အသင်းဟောင်း ယူနိုက်တက်အနေနဲ့ လက်ရှိအားကိုးနေရတဲ့ ဂိုးသွင်းစက် မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်ဖို့ တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူဖို့ လိုအပ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းက နယူးကာဆယ်ကို ၂-၀ နဲ့ ဝင်ဘလေမှာ အနိုင်ရရှိကာ EFL ဖလားကို ရရှိခဲ့တာကြောင့် ၆ နှစ်ကြာ ဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာလည်း ကနဦးက ဆဗန်ဘော့မန်းရဲ့ own goal လို့ သတ်မှတ်ခဲ့တဲ့ ယူနိုက်တက်ရဲ့ ဒုတိယဂိုးကို ရက်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးအဖြစ် သတ်မှတ်လိုက်တာကြောင့် ရက်ရှ်ဖို့ဒ်က ဂိုးသွင်းနိုင်ခဲ့ပြန်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ဟာ ကမ္ဘာ့ဖလားပြီးကတည်းက ယူနိုက်တက်အတွက် ၁၉ ပွဲ ကစားခဲ့ရာမှာ ၁၇ ဂိုးထိ သွင်းယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဝင်ဘာလေမှာ သွင်းယူခဲ့တဲ့ ဂိုးကတော့ ဒီရာသီ ပြိုင်ပွဲစုံ ၃၈ ပွဲမှာ ၂၅ ဂိုးမြောက် သွင်းယူခဲ့တဲ့ ဂိုးဖြစ်ပြီး သူ့ရဲ့ယူနိုက်တက်စီနီယာ ကစားသမားဘ၀ တစ်လျှောက်အကောင်းဆုံး ဂိုးသွင်းနှုန်းကို ရရှိထားတာ ဖြစ်ပါတယ်။

နည်းပြကြီးဖာဂူဆန်ကိုယ်တိုင် ရက်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းကို လှိုက်လှိုက်လှဲလှဲ ချီးကျူးခဲ့ပေမယ့် ၂၀၂၃-၂၄ ရာသီ မစခင်တော့ ယူနိုက်တက်အနေနဲ့ အထောင်တိုက်စစ်မှူးတစ်ဦး မဖြစ်မနေ ခေါ်ယူဖို့လိုအပ်နေတယ်လို့ ပြောသွားခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ရဲ့ အကောင်းဆုံး ကစားနိုင်တဲ့နေရာက မေးခွန်းတစ်ခုလိုဖြစ်နေပေမယ့် ဖာဂူဆန်ကတော့ အင်္ဂလန်သားဟာ အထောင်တိုက်စစ်မှူးတစ်ဦးတော့ မဟုတ်ဘူးလို့ ပြောခဲ့ပြီး ရက်ရှ်ဖို့ဒ်ရဲ့ အကောင်းဆုံးနေရာဟာ ဘယ်တောင်ပံသာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အသက် ၈၁ နှစ်အရွယ် ဂန္တဝင်နည်းပြကြီးက “သူက တိုက်စစ်မှူးစစ်စစ် တစ်ဦးလို့မထင်ပါဘူး။ ဘယ်တောင်ပံကနေ ထိုးဖောက်ကစားပုံတွေက တကယ်အထင်ကြီးစရာပါပဲ၊ အဆုံးသတ်ပိုင်းကလည်း အမြဲတမ်းကောင်းနေတယ်။ ကန်ချက်တွေကိုလည်း ထိန်းကန်လာနိုင်တယ်၊ ဒါက တိုက်စစ်မှူးတစ်ယောက်အတွက် အရေးအကြီးဆုံးအချက်ပါပဲ။ သူက အသွေးအသားထဲမှာကိုက ပါရမီပါလာပြီးသားပါ။ ကံဆိုးချင်တော့ သွင်းဂိုးတွေရဖို့ သူ့ကိုပဲအားကိုးနေရသလို ဖြစ်နေတယ်၊ အဲ့ဒါကြောင့် သူ့လိုမျိုးလုပ်နိုင်စွမ်းရှိတဲ့ တိုက်စစ်မှူးတစ်ဦးတော့ လိုကိုလိုပါတယ်”လို့ ပြောခဲ့ပါတယ်။
#မန်ချက်စတာယူနိုက်တက် #ရက်ရှ်ဖို့ဒ် #ဖာဂူဆန် #ပရီးမီးယားလိဂ်