ရှေ့သို့
Image

အခုရာသီကုန်မှာ ချဲလ်ဆီးဆီ လူကာကူ ပြန်လာလိမ့်မယ်လို့ ထုတ်ပြောလိုက်တဲ့ အင်တာအကြီးအကဲ မာရော့တာ

10:52 AM, 28 February

ချဲလ်ဆီးမှ အငှားလာရောက်ကစားတဲ့ တိုက်စစ်မှူးလူကာကူက မီလန်မြို့မှာပဲ ကစားသမားဘဝ ဆက်ရှိနေဖို့ လိုလားနေပေမယ့် အခုဘောလုံးရာသီကုန်မှာ အနောက်လန်ဒန်ကလပ်ဆီ ပြန်သွားလိမ့်မယ်လို့ အင်တာမီလန်စီအီးအို မာရော့တာက ထုတ်ပြောလိုက်ပါတယ်။

ဘယ်လ်ဂျီယံသားက ၂၀၂၁-၂၀၂၂ ဘောလုံရာသီအစပိုင်းမှာ အင်တာမီလန်မှ ချဲလ်ဆီးဆီ ပြောင်းရွှေ့ခဲ့ပေမယ့် အဲ့ဒီဘောလုံးရာသီမှာ ချဲလ်ဆီးအတွက် ၄၄ ပွဲကစား၊ ၁၅ ဂိုးသာသွင်းယူနိုင်ကာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါ့အပြင် အီတလီဆီ ပြန်သွားချင်တဲ့ သူ့ရဲ့ဆန္ဒကို လူသိရှင်ကြားထုတ်ပြောခဲ့မှုကြောင့် လူကာကူအပေါ် ချဲလ်ဆီး ပရိသတ်တွေ မျက်မုန်းကျိုးခဲ့ကြပါတယ်။ အခုရာသီအစပိုင်းမှာကြောင့် လူကာကူက အင်တာမီလန်ဆီ အငှားနဲ့ ပြောင်းရွှေ့ခွင့်ရရှိခဲ့ပေမယ့် မာရော့တာကတော့ ရာသီကုန် အငှားစာချုပ်သက်တမ်း ပြည့်ချိန် လူကာကူအနေနဲ့ အင်တာမီလန်မှာ ဆက်ရှိနိုင်မှာမဟုတ်ဘူးလို့ ရှင်းပြလာပါတယ်။

Sky Sport Italia သတင်းဌာနနဲ့တွေ့ဆုံချိန် အင်တာမီလန်စီအီးအိုက “အခုအချိန်မှာ ဒီအကြောင်းအရာကို ဆွေးနွေးဖို့ အချိန်မတန်သေးပါဘူး။ ဇွန်လမှာတော့ သူ ချဲလ်ဆီးဆီ ပြန်သွားပါလိမ့်မယ်။ ဒီနောက်မှာတော့ အခြေအနေသစ်တစ်ခု ကျွန်တော်တို့ရှေ့မှောက် ရောက်ရှိလာပါလိမ့်မယ်။ ကျွန်တော်တို့ ဘာတွေလုပ်နိုင်မလဲဆိုတာ စောင့်ကြည့်သွားကြတာပေါ့။ သူ ဆက်နေချင်သေးတယ်ဆိုတာ အတိအကျ သိထားပါတယ်။ ဒါကြောင့် လာမယ့်ရာသီသစ်မှာ လူကာကူကို ကျွန်တော်တို့နဲ့ ဆက်ရှိနေစေဖို့ ဆွေးနွေးမှုတွေ လုပ်နိုင်ဦးမလားဆိုတာ စောင့်ကြည့်သွားရပါမယ်”လို့ ပြောဆိုခဲ့ပါတယ်။

စီးရီးအေချန်ပီယံအဖြစ် အင်တာမီလန်အသင်း ဗိုလ်စွဲခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ အသင်းအတွက် ၄၄ ပွဲကစား၊ ဂိုးပါဝင်ပတ်သက်မှု ၄၁ ကြိမ်စွမ်းဆောင်ပေးခဲ့တဲ့ လူကာကူက အခုဘောလုံးရာသီမှာတော့ ဒဏ်ရာပြဿနာတွေနဲ့အတူ ရုန်းကန်နေရတာကြောင့် အင်တာမီလန်အတွက် ပွဲကစားချိန်နည်းပါးနေခဲ့ပါတယ်။ ဒါ့အပြင် မာရော့တာက လူကာကာအနေနဲ့ အဝလွန်နေတာကြောင့် ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းသင့်တယ်လို့ မကြာသေးခင်ရက်ပိုင်းအတွင်းကပဲ ဝေဖန်ခဲ့ပြီးနောက် ဘယ်လ်ဂျီယံတိုက်စစ်မှူးက မီလန်အခြေစိုက်ကလပ်အတွက် ပေါ်တိုကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်အတွင်း အဖိုးတန်အနိုင်ဂိုးအပါအဝင် နောက်ဆုံးသုံးပွဲမှာ နှစ်ဂိုး သွင်းယူပေးကာ သူရဲ့ခြေစွမ်းအပေါ် အကောင်းဆုံးသက်သေပြခဲ့ပါတယ်။

ဘယ်လ်ဂျီယံသားက အခုသီတင်းပတ်ကုန်၊ လက်ချီနဲ့ရင်ဆိုင်ရမယ့် စီးရီးအေပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားခွင့်ရရှိဖို့ မျှော်လင့်နေဖွယ်ရှိပါတယ်။

#လူကာကူ #ချဲလ်ဆီး #အင်တာမီလန် #မာရော့တာ