ရှေ့သို့
Image

ကတ်စ်မဲရိုးနဲ့ ဖာနန်ဒက်စ်တို့ အငြင်းပွားနေတာကို ကြိုက်တယ်လို့ ပြောလာတဲ့ ရွိုင်ကိန်း

1:52 PM, 27 February

ရွိုင်ကိန်းကတော့ မန်ချက်စတာယူနိုက်တက်အသင်း ကာရာဘောင်ဖလား ရရှိသွားခဲ့ပေမယ့်လည်း အောင်ပွဲခံချိန်မှာ အငြင်းပွားနေကြတဲ့ ကတ်စ်မဲရိုးနဲ့ ဘရူနိုဖာနန်ဒက်စ်တို့လို ကစားသမားတွေကို သဘောကျကြောင်း ပြောလိုက်ပါတယ်။

ယူနိုက်တက်ဟာ ဝင်ဘာလေမှာ နယူးကာဆယ်ကို အနိုင်ရရှိခဲ့ပြီး ၆ နှစ်ကြာ ဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ နည်းပြအဲရစ်တန်ဟတ်ရဲ့အသင်းဟာ ဒီရာသီမှာ အကောင်းဆုံးခြေစွမ်းပြကာ ပထမဆုံး ဆုဖလားကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ကတ်စ်မဲရိုးကလည်း ဒီပွဲမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အသင်းကိုဦးဆောင်နေတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။ ဘရာဇီးသားကြီးဟာ ရီးရဲလ်မက်ဒရစ်ကနေ နွေရာသီကမှ ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် ဝင်ဘာလေမှာပါ သွင်းဂိုး ရယူနိုင်ခဲ့ပါတယ်။

ဒုတိယဂိုးကိုတော့ မားကပ်စ်ရက်ရှ်ဖို့ဒ်က သွင်းယူခဲ့ပေမယ့် ပွဲပြီးခါနီးမှာ အပိုင်အခွင့်အရေးတစ်ခု ရခဲ့ပေမယ့် ဖာနန်ဒက်စ်က ဖြုန်းတီးပစ်ခဲ့ပါတယ်။ တစ်ဖက်မှာ လူကပ်မခံထားရတဲ့ ဆန်ချိုကိုမပေးပဲ ကိုယ်တိုင်ကန်သွင်းခဲ့တာကြောင့် နယူးကာဆယ်ဂိုးသမား လိုရစ်ကာရီးရက်စ်က ကာကွယ်သွားခဲ့ပါတယ်။ ပွဲပြီးလို့ အောင်ပွဲခံနေချိန်မှာ ကတ်စ်မဲရိုးတစ်ယောက် ဖာနန်ဒက်စ်ကို စိတ်ပျက်လက်ပျက်နဲ့ သွားရောက်ပြောဆိုခဲ့တာ တွေ့ရပါတယ်။

ကိန်းက “သူတို့စကားများနေတာလား၊ အင်း ဟုတ်လောက်တယ်၊ ကျွန်တော်တော့ ကြိုက်တယ်ဗျာ။ ဘာအကြောင်းအရာကို ငြင်းနေကြလဲတော့ မသိဘူး ဒါပေမယ့် အဲ့ဒါပွဲအပေါ် ဘယ်လောက်ဂရုစိုက်လဲဆိုတာ ပြနေတာပဲ”လို့ ပြောခဲ့ပါတယ်။

ရွိုင်ကိန်းဟာ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်လက်ထက်မှာ ဆုဖလားတွေ အကြိမ်ကြိမ် ကိုင်မြှောက်ခဲ့ဖူးတဲ့ အသင်းခေါင်းဆောင် တစ်ယောက်လည်းဖြစ်ပါတယ်။ အိုင်ယာလန်သားကြီးက အရင်ကလည်း ကစားသမားတွေကြားမှာ အခုလိုအငြင်းပွားမှုတွေက စိတ်ခံစားချက်တွေ၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေကြောင့် ဖြစ်ကြတာမို့လို့ ကောင်းတဲ့ အငြင်းပွားမှုတွေပါဆိုပြီး အရင်ကတည်းက ပြောခဲ့ဖူးပါတယ်။

#မန်ချက်စတာယူနိုက်တက် #နယူးကာဆယ် #ဖာနန်ဒက်စ် #ရွိုင်ကိန်း #ကာရာဘောင်ဖလား #ကတ်စ်မဲရိုး