ရှေ့သို့
Image

ကာရာဘောင်ဖလားရှုံးပွဲက ထိပ်ဆုံး ၄ သင်း ဝင်ခွင့်နေရာကို ထိခိုက်မှာမဟုတ်ကြောင်း ဟိုဝီ ပြောကြား

11:38 AM, 27 February

နယူးကာဆယ်နည်းပြ အက်ဒီဟိုဝီက ကာရာဘောင်ဖိုင်နယ်မှာ ယူနိုက်တက်ကို အရေးနိမ့်ခဲ့ပေမယ့် အဲ့တာက ထိပ်ဆုံး ၄ သင်းဝင်ခွင့်နေရာကို ထိခိုက်မှာမဟုတ်ဘူးလို့ စိုးရိမ်နေပါတယ်။

နယူးကာဆယ်ဟာ ၁၉၅၅ ခုနှစ်မှာ အက်ဖ်အေဖလား ရပြီးကတည်းက ဆုဖလားမရတော့တာဖြစ်ပြီး ယူနိုက်တက်နဲ့ပွဲမှာ အနိုင်ရပြီးဆုဖလားရနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကပဲ ဦးဆောင်ခဲ့ပြီး ကက်စ်မဲရိုး ၊ ရက်ရှ်ဖို့ဒ်တို့ရဲ့ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ကာ ဆုဖလားကို သိမ်းပိုက်ခဲ့ပါတယ်။

ဖိုင်နယ်ပွဲအပြီး အင်တာဗျူးမှာ ဟိုဝီက အခုလိုပြောကြားခဲ့ပါတယ်။ “ဖိုင်နယ်ကို အရေးနိမ့်ခဲ့လို့ ခံစားခဲ့ရပေမယ့် ကျွန်တော် အများကြီး စိတ်မပျက်ပါဘူး။ အနာဂတ်မှာ ကျွန်တော်တို့ဒီကိုလာပြီး ဆုဖလားယူဦးမှာပါ။ ဒီနှစ်ပရိသတ်တွေရဲ့အားပေးမှုက တကယ့်ကို ကောင်းမွန်ခဲ့ပါတယ်။ သူတို့ကို ဆုဖလားမယူပေးနိုင်လို့ နာကျင်ရပါတယ်။ ကျွန်တော်တို့ ဘယ်လိုပြန်လာပြီး ဆုဖလားတွေရအောင်ယူမယ်ဆိုတာကို တွေးထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တိုးတက်ဖို့ လိုအပ်နေပါသေးတယ်။ ရပ်နေလို့မရပါဘူး။ အခုထက်ပိုပြီး သက်သေပြဖို့ လိုအပ်ပါတယ်”လို့ ဟိုဝီက ပြောကြားခဲ့ပါတယ်။

နယူးကာဆယ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး အဆင့် ၄ နေရာက တော့တင်ဟမ်က ၂ ပွဲပိုကစားပြီး ၄ မှတ်အကွာနဲ့ ရပ်တည်နေပါတယ်။ ဖိုင်နယ်မှာ အရေးနိမ့်ခဲ့ပေမယ့် အဲ့တာက ထိပ်ဆုံး ၄ သင်းနေရာအတွက် မထိခိုက်နိုင်ဘူးလို့ ယုံကြည်နေပါတယ်။

“ကျွန်တော်တို့ ဖိုင်နယ်မှာအရေးနိမ့်ခဲ့ပေမယ့် အဲ့ရလဒ်က အသင်းရဲ့ချန်ပီယံလိဂ်ဝင်ခွင့်ကို မထိခိုက်နိုင်ပါဘူး။ ဒီနေ့စိတ်ပျက်ခဲ့ပေမယ့် လာမယ့် မန်စီးတီးနဲ့အဝေးကွင်းပွဲက ပိုခက်ခဲနိုင်ပါတယ်။ အဲ့ပွဲကို သေချာလေးကစားရမှာပါ။ ဘောလုံးပြက္ခဒိန်က အခက်ခဲဆုံးဖြစ်နေပြီး ကျွန်တော်တို့အတွက် စိန်ခေါ်မှုဖြစ်နေပါတယ်”လို့ ဟိုဝီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

နယူးကာဆယ်ဟာ ပြိုင်ပွဲစုံ ၄ ပွဲဆက်နိုင်ပွဲမရမှုကို အဆုံးသတ်နိုင်ဖို့ လိုအပ်နေပြီး လာမယ့်စနေနေ့မှာ စီးတီးအသင်းနဲ့ အဝေးကွင်းပွဲကစားရမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #နယူးကာဆယ် #ကာရာဘောင်ဖလား #ဟိုဝီ