ရှေ့သို့
Image

ဆုဖလားယူသည့်ပွဲမှာ တက်ရောက်ပေးခဲ့တဲ့ အေဗရမ်ဂလေဇာကို ချီးကျူးစကားဆိုလိုက်တဲ့ အဲရစ်တန်ဟတ်

9:56 AM, 27 February

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ နယူးကာဆယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ကာရာဘောင်ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်တွင် ယူနိုက်တက်အသင်းက ဝင်ဘာလေကွင်းကြီးအတွင်းမှာ ၂ - ၀ ရလဒ်ဖြင့် အနိုင်ကစားကာ ဆုဖလား ကိုင်မြောက်ခွင့်ရခဲ့ပြီး နည်းပြ တန်ဟတ်က ဗိုလ်လုပွဲစဉ်ကို တက်ရောက်ကြည့်ရှုပေးခဲ့တဲ့ အေဗရမ်ဂလေဇာကို ချီးကျူးစကား ဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဂလေဇာမိသားစုအနေဖြင့် သရဲနီပရိတ်သတ်တွေရဲ့ ဆန္ဒပြမှုတွေကို အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရတာ ဖြစ်ပြီး ယခုနှစ်အတွင်းမှာ ရောင်းချရန်တရားဝင်ကြေငြာချက်ပါ ထုတ်ပြန်ထားခဲ့ရတာ ဖြစ်ပါတယ်။ နယူးကာဆယ်အသင်းနဲ့ ကစားခဲ့တဲ့ ဗိုလ်လုပွဲစဉ်တွင် တက်ရောက်လာခဲ့သလို ယူနိုက်တက်အသင်း ကစားသမားတွေ အောင်ပွဲခံနေရာ အဝတ်လဲခန်းအတွင်း ရောက်ရှိအားပေးခဲ့တာကြောင့် နည်းပြ တန်ဟတ်အနေနဲ့ ဂလေဇာမိသားစုရဲ့ သဘောထားအပေါ် မျာစွာယုံကြည်မှုတိုးတက်လာစေခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက ကာရာဘောင်ဖလားဗိုလ်လုပွဲစဉ်တွင် နယူးကာဆယ်အသင်းကို အနိုင်ရကာ ချန်ပီယံဖြစ်ခဲ့တာကြောင့် ၂၀၁၇ခုနှစ်မှာ ယူရိုပါလိဂ်ဆုဖလား ဆွတ်ခူးအပြီး ၅နှစ်နဲ့ ၂၇၈ ရက်ကြာ ဆုဖလားကွာဝေးနေမှုကို ရပ်တန့်နိုင်ခဲ့တာဖြစ်ပြီး အဆိုပါ ဆုဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ ကာလက ၁၉၈၃ခုနှစ်နောက်ပိုင်းမှာ အရှည်ကြာဆုံး အဓိကဆုဖလားတွေနဲ့ ဝေးကွာခဲ့ရတာလည်း ဖြစ်ပါတယ်။ ပူနွေးနွေးကာရာဘောင်ဖလားချန်ပီယံဖြစ်ထားတဲ့ ယူနိုက်တက်အသင်းအနေဖြင့် ရှေ့လာမယ့် ပွဲစဉ်မှာ အက်ဖ်အေဖလားပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

ဗိုလ်လုပွဲစဉ်မှာ တက်ရောက်ခဲ့တဲ့ အေဗရမ်ဂလေဇာနဲ့ ပတ်သက်လို့ နည်းပြ တန်ဟတ်က
“အေဗရန်ဂလေဇာက ဆုဖလား ရတဲ့အပေါ် အသင်းပိုင်ရှင်တစ်ယောက်အနေနဲ့ အတော်ပျော်ရွှင်နေတာပါ။ သူတို့က ကျွန်တော်တို့ အသင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေချင်တယ်ဆိုတာ သေချာပါတယ်” “အဝတ်လဲခန်းအတွင်းကိုလည်း လာရောက် ပူးပေါင်းခဲ့ပါသေးတယ်။ ဒါက သူက ဘယ်လောက်ထိ အာရုံစိုက်ထားသလဲဆိုတာ ပြသနေပါတယ်”လို့ ဖွင့်ဟပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #နယူးကာဆယ် #ကာရာဘောင်ဖလား #တန်ဟတ် #အေဗရမ်ဂလေဇာ