ရှေ့သို့
Image

အိုးထရက်ဖို့ဒ်နိုင်ပွဲမှာ အရေးပါခဲ့တဲ့ အရာတစ်ခုအကြောင်းကို ဖွင့်ပြောပြလာတဲ့ သရဲနီဟီးရိုးဖရက်ဒ်

3:47 PM, 24 February

မနေ့ညပိုင်း၊ အိုးထရက်ဖို့ဒ်ကွင်းမှာ ဘာစီလိုနာနဲ့ ရင်ဆိုင်ရတဲ့ ယူရိုပါလိဂ်ရှုံးထွက်(ဒုတိယအကျော့)ပွဲစဉ်ရဲ့ ပွဲချိန်ဒုတိယပိုင်းအတွင်း အလှည့်အပြောင်းတွေဖြစ်ပေါ်လာဖို့ အရေးပါခဲ့တဲ့အရာကို မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူဖရက်ဒ်က ဖွင့်ပြောလာပါတယ်။

ဒီပွဲစဉ်ရဲ့ ပွဲချိန်ပထမပိုင်းမှာ ဘာစီလိုနာအတွက် လီဝန်ဒေါစကီးက ပယ်နယ်တီမှတဆင့် ဦးဆောင်ဂိုးရယူပေးခဲ့ပြီး ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲချိန်မှာတော့ ယူနိုက်တက်အတွက် ဖရက်ဒ်က ချေပဂိုး၊ အန်တိုနီက အနိုင်ဂိုးသွင်းယူကာ ၂-၁ ဂိုးဆိုတဲ့ရလဒ်နဲ့ သရဲနီတို့ အဖိုးတန်နိုင်ပွဲ တစ်ပွဲကို ရှာဖွေနိုင်ခဲ့ပါတယ်။

ဒီပွဲစဉ်ရလဒ်ပိုင်းကြောင့် မန်ချက်စတာယူနိုက်တက်ဟာ ဘာစီလိုနာကို နှစ်ကျော့ပေါင်း ၄-၃ ဂိုးနဲ့ အနိုင်ရရှိပြီး ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။ အခုနိုင်ပွဲနဲ့ပတ်သက်လို့ ယူနိုက်တက်အတွက် အဖိုးတန်ချေပဂိုး သွင်းယူပေးခဲ့သူ ဖရက်ဒ်က ပထမပိုင်းပွဲချိန်အပြီး နည်းပြတန်ဟက်နဲ့ ကစားသမားတွေအကြား ဆွေးနွေးမှုတွေက အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းကို ပိုမိုကောင်းမွန်စေခဲ့တယ်လို့ ဆိုလာပါတယ်။

ဖရက်ဒ်က “အသင်းပရိသတ်တွေဆီက ကျွန်တော့်နာမည်ကြားရတာ အရမ်းကောင်းပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲစဉ်က ပွဲကောင်းတစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာလည်း ကျွန်တော်တို့အသင်းက နောက်ထပ်ဗိုလ်လုပွဲတစ်ပွဲ(နယူးကာဆယ်နဲ့ရင်ဆိုင်ရမယ့် ကာရာဘောင်ဖလားဗိုလ်လုပွဲ)ကို ယှဉ်ပြိုင်ကစားရဖို့ ရှိနေပြီး အခုအချိန်မှာ အဲ့ဒီဗိုလ်လုပွဲဆီ ချီတက်နိုင်ဖို့ ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာကို ပြောင်းလဲပစ်ရပါမယ်။ ပထမပိုင်း ပွဲချိန်အတွင်းမှာ ကျွန်တော်တို့ ပုံမှန်ကစားပုံနဲ့ မကစားနိုင်ခဲ့ပါဘူး။ ပထမပိုင်းအပြီးမှာ နည်းပြနဲ့အတူ ကစားသမားတွေအကြား ကောင်းမွန်တဲ့ဆွေးနွေးမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့ကစားသမားတွေဟာ စိတ်နေစိတ်ထားတွေကို ပြင်ဆင်ပြီး အကောင်းဆုံးကစားဖို့ ကွင်းအတွင်း ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်အစောပိုင်းမှာပဲ ချေပဂိုး သွင်းယူနိုင်ခဲ့သလို ပိုကောင်းအောင်လည်း ကစားနိုင်ခဲ့ပါတယ်”လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်မဲခွဲမှုကို ဒီနေ့ညနေပိုင်းမှာ ကျင်းပသွားမှာဖြစ်ပြီး ယူနိုက်တက်က ဖီနာဘာချီ၊ ဖီရန်ဗားရို့စ်၊ ဖီယင်နု၊ ဖရိုင်းဘတ်၊ ဘက်တစ်၊ ဆိုစီဒက်၊ ယူနီယံစိန့်ဂီလွိုက်တို့အနက် တစ်သင်းနဲ့ ရင်ဆိုင်ကစားရဖို့ ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ယူရိုပါလိဂ် #ဖရက်ဒ်