ရှေ့သို့
Image

ဝိတ်တက်နေတယ်လို့ ဝေဖန်ခဲ့တဲ့ အင်တာစီအီးအို မာရော့တာအပေါ် အကောင်းဆုံး တုံ့ပြန်ခဲ့တဲ့ လူကာကူ

12:54 PM, 23 February

ဒီနေ့မနက်ပိုင်း၊ ဆန်စီရိုကွင်းမှာ ပေါ်တိုကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက်(ပထမအကျော့)ပွဲစဉ်အတွင်း လူစားဝင်လာပြီးနောက် အကောင်းဆုံး ခြေစွမ်းပြသခဲ့တဲ့ လူကာကူက သူ့အပေါ်ဝေဖန်ခဲ့မှုတစ်ခုကို အခုပွဲစဉ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုး သွင်းယူကာ အကောင်းဆုံး တုံ့ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ချဲလ်ဆီးမှ အင်တာမီလန်ဆီ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ လူကာကူက အခုဘောလုံးရာသီမှာ ကြံ့ခိုင်မှုပိုင်းအားနည်းခြင်းနဲ့အတူ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရလို့ ခက်ခဲတဲ့ ဘောလုံးရာသီတစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။

လူကာကူက အခုသီတင်းပတ်မတိုင်မီ အသင်းအတွက် ပြိုင်ပွဲစုံ ၁၃ ပွဲကစား၊ သုံးဂိုးသာ သွင်းယူနိုင်ခဲ့သလို ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဘယ်လ်ဂျီယံလက်ရွေးစင် အသင်းနဲ့ အတူ စိတ်ပျက်စရာရလဒ်တွေ ကြုံတွေ့ခဲ့ရသူပါ။ ဒါကြောင့်ပဲ မနေ့ညပိုင်း၊ ပေါ်တိုနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်အတွက် အင်တာမီလန်အသင်းရဲ့ပွဲထွက်လူစာရင်းမှာ သူ့ကို ချန်လှပ်ထားခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပွဲချိန် အတွင်း ဒီဇီကိုနေရာမှာ လူကာကူကို လူစားဝင်ကစားစေဖို့ နည်းပြအင်ဇာဂီက ဆုံးဖြတ်ခဲ့ပြီး ဒီဆုံးဖြတ်ချက်ကြောင့်ပဲ အင်တာမီလန်တို့ ဆန်စီရိုမှာ အဖိုးတန်နိုင်ပွဲ ရရှိခဲ့ပါတယ်။ ပေါ်တိုနဲ့ပွဲစဉ် မတိုင်မီ အင်တာမီလန်စီအီးအိုမာရော့တာက ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူးဟာ အဝလွန်နေတယ်ဆိုပြီး ဝေဖန်ခဲ့တာပါ။

မာရော့တာက “လူကာကူက အရမ်း ဝလွန်းနေတယ်လို့ ပြောရပါမယ်။ ဒါကြောင့် သူ့အနေနဲ့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်အနေအထားဆီ ပြန်လည်ရောက်ရှိလာဖို့ လိုအပ်နေပြီး အခုထိတော့ ဒါမျိုး ဖြစ်မလာသေးပါဘူး။ လူကာကူက အသင်းမှာရှိနေတဲ့သူဆိုတော့ သူ့အပေါ်အကဲဖြတ်နိုင်ဖို့နဲ့ သူဘာတွေဆက်လုပ်သင့်တယ်ဆိုတာ လမ်းညွှန်ပေးဖို့ အသင့်တော်ဆုံးသူကတော့ နည်းပြဖြစ်သူကိုယ်တိုင်ပါပဲ။ ဒီဘက်နှစ်တွေမှာ ဘောလုံးပွဲစဉ်တွေက အနည်းဆုံးမိနစ် ၁၀၀ ဝန်းကျင် ကစားနေရတာဖြစ်လို့ လူစားဝင်ကစားသမားတွေကလည်း အရေးပါတဲ့အနေအထားမှာ ရှိပါတယ်။
ကံမကောင်းစွာနဲ့ဘဲ နောက်ထပ်ပြဿနာတစ်ခုကတော့ ရာသီတစ်ဝက်တစ်ပျက်မှာ ကြားဖြတ်ဝင်လာတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားခဲ့မှုက ကစားသမားတွေအတွက် သက်ရောက်မှုရှိစေတယ်ဆိုတာ မြင်နိုင်ပါတယ်။ အချို့ကစားသမားတွေဆိုရင် အခြားလူတွေထက် ပိုပြီး ခံစားနေရပါတယ်။ ဒဏ်ရာပြဿနာရှိနေတဲ့ လူကာကူလည်း အဲ့ဒီပြိုင်ပွဲမှာ လက်တွေ့ကျကျပါဝင်နိုင်ဖို့ အခွင့်အလမ်း နည်းပါးခဲ့ပါတယ်”လို့ ပေါ်တိုနဲ့ပွဲစဉ်မတိုင်ခင် Sky Sport Italia သတင်းဌာနနဲ့တွေ့ဆုံချိန် ပြောခဲ့ပါတယ်။

ပေါ်တိုနဲ့ ပွဲစဉ်အတွင်း လူစားဝင်လာပြီးနောက် အသင်းအတွက် လက်ငင်းအကျိုးသက်ရောက်မှု ပြသနိုင်ခဲ့တဲ့ လူကာကူအပေါ် မာရော့တာရဲ့အမြင်သဘောထား ပြောင်းလဲလာခဲ့ပါတယ်။

မိုရာတာက “လူကာကူက အရမ်းကောင်းတဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦးပါ။ အခုအချိန်ထိတော့ သူလုပ်ပြချင်သလောက် အနေအထားအထိ ကံမကောင်းစွာနဲ့ဘဲ လုပ်မပြနိုင်သေးတာပါ။ ဒါပေမယ့် သူ့အနေနဲ့ လက်ကျန်ဘောလုံးရာသီမှာ အသင်းအတွက် အကျိုးသက်ရောက်မှုတစ်ခုပြုလုပ်ပေးနိုင်မယ့် အချိန်ရောက်ပြီလို့ ကျွန်တော်တို့ ယုံကြည်နေပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

လူကာကူကလည်း မနေ့ညပိုင်းပွဲစဉ်မှာ ဆီမြွန်နီအင်ဇာဂီရဲ့အသင်း အတွက် အရေးပါတဲ့နိုင်ပွဲတစ်ခု ရရှိအောင် ကူညီပေးနိုင်လို့ ဝမ်းမြောက်နေပါတယ်။

ပွဲစဉ်အပြီး လူကာကူက “ဒီလိုအဆုံးသတ်နိုင်ဖို့ ကျွန်တော် အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့ အနိုင်ရခဲ့ချင်တာပါ။ အင်တာမီလန်က ဒုတိယမြောက်သွင်းဂိုး ရယူနိုင်ခဲ့သင့်ပေမယ့် မလုပ်နိုင်ခဲ့ဘူး။ ဒါပေမယ့် အရေးကြီးဆုံးကတော့ နိုင်ပွဲရဖို့ပါပဲ။ ကျွန်တော်က တစ်ကိုယ်ကောင်းသမားမဟုတ်ပါဘူး။ ဒါကြောင့် အင်တာမီလန်အတွက် အကောင်းဆုံးဖြစ်လာမယ့် အရာတွေကိုလုပ်ဆောင်ဖို့ပဲ ကျွန်တော်အနေနဲ့ အာရုံစိုက် ကြိုးစားသွားပါမယ်။ အခုနိုင်ပွဲအတွက် ကျွန်တော် အရမ်းပျော်ရွှင်မိပြီး ဒီလိုစွမ်းဆောင်ရည်မျိုးနဲ့ ခရီးဆက်ရပါမယ်”လို့ Amazon Prime Italia သတင်းဌာနနဲ့ တွေ့ဆုံချိန် ရှင်းပြခဲ့ပါတယ်။

#လူကာကူ #အင်တာမီလန် #ချန်ပီယံလိဂ် #ပေါ်တို #မာရော့တာ