ရှေ့သို့
Image

ကာရာဘောင်ဗိုလ်လုပွဲအတွက် ဂိုးသမားကာရီးယက်စ်ကို ယုံကြည်ပေးသင့်တယ်လို့ ကလော့ပ် ပြော

12:52 PM, 20 February

ပုံမှန်မဟုတ်တဲ့အခြေအနေတစ်ခုနဲ့ ရင်ဆိုင်နေရပြီးနောက် မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် ကာရာဘောင်ဖလားဗိုလ်လုပွဲမှာ နယူးကာဆယ်အတွက် ဂိုးသမားကာရီးယက်စ် ပွဲထွက်ပါဝင်လာဖွယ် ရှိနေပါတယ်။

ပြီးခဲ့တဲ့စနေနေ့၊ လီဗာပူးနဲ့ရင်ဆိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နယူးကာဆယ်အသင်းရဲ့ အဓိကဂိုးသမား နစ်ပုတ် အနီကတ်ပြစ်ဒဏ်ထိခဲ့လို့ ပွဲပယ်ခံထားရမှုနဲ့အတူ ဒုတိယဂိုးသမား ဒူဘရာကာကလည်း အခုရာသီအစောပိုင်း၊ ဒီပြိုင်ပွဲမှာ မန်ချက်စတာယူနိုက်တက်အတွက် ပါဝင်ကစားပေးထားလို့ ဗိုလ်လုပွဲမှာ ပါဝင်ကစားခွင့် မရှိပါဘူး။  ဒါကြောင့် နယူးကာဆယ်အနေနဲ့ လာမယ့်တနင်္ဂနွေနေ့၊ မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ လီဗာပူး ဂိုးသမားဟောင်း ကာရီးယက်စ်ကို ပွဲထွက်ခွင့်ပေးနိုင်တယ်လို့ ယူဆမှုတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ အခုလိုယူဆမှုတွေနဲ့ပတ်သက်လို့ အမြင်ကို မေးမြန်းလာချိန် လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က အသင်းဂိုးသမားဟောင်းအပေါ် သူ့ရဲ့ယုံကြည်မှုကို ပြန်လည်မျှဝေလာပါတယ်။

ကလော့ပ်က “ဟုတ်ပါတယ်။ ကျွန်တော်လည်း ဒီလိုအမြင်နဲ့ဆွေးနွေးမှုတွေကို ကြားမိပါတယ်။ ကျွန်တော့်အမြင်အရ နယူးကာဆယ်အနေနဲ့ ကာရီးယက်စ်အပေါ် အပြည့်အဝယုံကြည်ပေးနိုင်တယ်လို့ ယူဆမိပါတယ်။ ဒါနဲ့ပတ်သက်လို့ သံယယထားဖို့ မလိုအပ်ပါဘူး။ သူက ဂိုးသမားကောင်းတစ်ယောက်ပါ။ ဒါကြောင့်ပဲ နယူးကာဆယ်က လက်မှတ်ထိုး ခေါ်ယူခဲ့တာလေ။ ဒါပေမယ့် နစ်ပုတ်အတွက်ဆိုရင်လည်း ကံမကောင်းတဲ့ အခိုက်အတန့်ပါပဲ”လို့ ပြောပါတယ်။

လွန်ခဲ့တဲ့နှစ်ပိုင်းတွေအတွင်း ခရီးကြမ်းလျှောက်လှမ်းခဲ့ရတဲ့ ကာရီးယက်စ်အတွက်လည်း အခုအချိန်က သူ့ရဲ့ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ်နိုင်ဖို့ အခွင့်အရေးတစ်ခုအဖြစ် ရှိနေပါတယ်။ ဂျာမန်ဂိုးသမားဟာ လီဗာပူးနဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ပါဝင်ကစားချိန်မှာ ကြီးမားတဲ့ အမှားတွေ ကျူးလွန်ခဲ့ပြီးနောက် ယုံကြည်မှုပျောက်ဆုံးကာ ကွင်းတွင်းပုံမှန်ပွဲထွက်ကစားခွင့် ဆုံးရှုံးခဲ့ပါတယ်။

ကလော့ပ်က “သူ့အတွက်တော့ အခွင့်အလမ်းကောင်းတစ်ခုဆိုတာ လုံးဝသေချာပါတယ်။ ဒီအရာကြောင့်ပဲ ဒီကာလတလျှောက်လုံး သူ အလုပ်ကြိုးစားနေခဲ့တာ ဖြစ်တယ်”လို့ ဆက်ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #နယူးကာဆယ် #ကလော့ပ် #ကာရီးယက်စ် #ကာရာဘောင်ဖလား