ယူနိုက်တက်နဲ့ ပွဲစဉ်အတွင်း အပြုအမူနဲ့ ပတ်သက်လို့ တောင်းပန်စကားဆိုလာတဲ့ ရာဖင်ဟာ
3:28 PM, 17 February
ဒီနေ့မနက်ပိုင်း၊ မန်ချက်စတာယူနိုက်တက်နဲ့ရင်ဆိုင်ရတဲ့ ယူရိုပါလိဂ်ရှုံးထွက်ပွဲစဉ်အတွင်း လူစားလဲခံရပြီးနောက် မကျေမနပ်ဒေါသထွက်တဲ့ အမူအရာတွေ ပြသခဲ့တဲ့ ရာဖင်ဟာက သူ့ရဲ့အပြုအမူတွေအတွက် နည်းပြဇာဗီနဲ့ အသင်းဖော်တွေကို တောင်းပန်ခဲ့ပါတယ်။
လိဒ်ယူနိုက်တက်ကြယ်ပွင့်ဟောင်းက ယူနိုက်တက်နဲ့နှစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဘာစီလိုနာ အတွက် တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာ ဘာစီလိုနာက အနိုင်ဂိုးရရှိဖို့ ကြိုးစားလာတာကြောင့် ရာဖင်ဟာရဲ့နေရာမှာ ဖာရန်တောရက်စ်ကို လူစားထိုးလဲလှယ်ခဲ့ပါတယ်။ ဒီလူစားလဲမှုအပေါ် ဘရာဇီးသားက ကျေနပ်ခဲ့ပုံမရဘဲ အရန်ခုံတန်းပေါ်အရောက် ခုံကိုလက်သီးနဲ့ထိုးတာမျိုး လုပ်ဆောင်ခဲ့တာကြောင့် သူ့ရဲ့အသင်းဖော်တွေက စိတ်အေးအေးထားဖို့ ဖျောင်းဖျပေးခဲ့ရပါတယ်။
ရာဖင်ဟာက “ပွဲပြီးချိန်မှာပဲ ကျွန်တော် နည်းပြနဲ့ စကားပြောဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လူတိုင်းကို တောင်းပန်နိုင်ဖို့ အခွင့်အလမ်းတစ်ခုလည်း ယူခဲ့ပါတယ်။ နည်းပြကိုရော၊ ကျွန်တော့်အစား လူစားဝင်ကစားတဲ့ ဖာရန်တောရက်စ်ကိုရော၊ အသင်းဖော်တွေနဲ့ ပရိသတ်တွေကိုပါ တောင်းပန်ဖို့ပါ။ ဒါပေမယ့် အသင်းအနိုင်ရရှိအောင် ကူညီပေးချင်လို့ ကွင်းထဲမှာ ဆက်ရှိနေချင်တဲ့ အချိန်တွေလည်း ရှိပါတယ်။ ကျွန်တော်တို့က လူသားတွေဖြစ်လို့ ကိုယ်တိုင်မထိန်းချုပ်နိုင်တဲ့ အခိုက်အတန့်တွေလည်း ကျွန်တော်တို့အားလုံးမှာ ရှိပါတယ်။ ကျွန်တော် အမှားတစ်ခုလုပ်ခဲ့မိတာ ကျွန်တော်သိပါတယ်။ ဒါကြောင့် ကျွန်တော် ဒီနေရာမှာရှိနေပြီး အားလုံးကို တောင်းပန်ချင်ပါတယ်။ နောက်ထပ် ဘယ်တော့မှ ထပ်မဖြစ်စေရပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။
ဘာစီလိုနာနည်းပြဇာဗီကလည်း ရာဖင်ဟာရဲ့အပြုအမူအပေါ် နားလည်မှုပေးခဲ့ပြီး အသင်းကောင်းကျိုးအတွက် အပြောင်းအလဲလုပ်ခဲ့တာလို့ ဝန်ခံခဲ့ပါတယ်။ ရာဖင်ဟာကတော့ ဇာဗီရဲ့တုံ့ပြန်မှုနဲ့စပ်လျဉ်းပြီး ဝမ်းမြောက်ဝမ်းသာဖြစ်နေခဲ့ပါတယ်။
“ဇာဗီကတော့ ကိစ္စမရှိဘူး၊ သက်သောင့်သက်သာနေဖို့ ပြောပါတယ်။ နည်းပြက ကစားသမားဟောင်းလည်း ဖြစ်တာကြောင့် ဖြစ်ပျက်ခဲ့တဲ့အရာတွေအပေါ် သိမြင်ထားပြီးသားပါ။ မဖြစ်သင့်ဘူးဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ခံစားချက်ကို ကိုယ်မထိန်းချုပ်နိုင်တဲ့ အချိန်တွေလည်း ရှိပါတယ်။ ကျွန်တော့်အပေါ် ခွင့်လွှတ်ပေးဖို့ တောင်းဆိုပြီးသားပါ။ မနက်ဖြန်ကျရင်လည်း အသင်းဖော်တွေအနေနဲ့ ခွင့်လွှတ်ပေးဖို့ ထပ်တောင်းဆိုပါဦးမယ်”လို့ ရာဖင်ဟာက ဆက်ပြောခဲ့ပါတယ်။