ရှေ့သို့
Image

အယ်လ်ချီကို အနိုင်ရခဲ့တဲ့ ပွဲစဉ်နဲ့ပတ်သက်လို့ ကျေနပ်အားရနေတဲ့ ရီးရဲလ်နည်းပြ အန်ဆယ်လော့တီ

1:48 PM, 16 February

ဒီနေ့မနက်ပိုင်း၊ အယ်လ်ချီကို လေးဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲစဉ်နဲ့ ပတ်သက်လို့ ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက သူစိတ်ကျေနပ်ရတဲ့ အကြောင်းရင်းတွေကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဘာနေဗျူးကွင်းမှာကစားတဲ့ အခုပွဲစဉ်အတွင်း ရီးရဲလ်မက်ဒရစ်အတွက်ဂိုးတွေကို အဆန်စီယို၊ ဘန်ဇီးမား (ပယ်နယ်တီ ၂ ဂိုး)နဲ့ မိုဒရစ်တို့က သွင်းယူပေးခဲ့တာပါ။ ဒီပွဲစဉ်ရလဒ်ပိုင်းကြောင့် ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါအမှတ်ပေးဇယား ထိပ်ဆုံးနေရာရှိ ဘာစီလိုနာနဲ့ ပွဲတူ၊ ၈ မှတ်အကွာ အနေအထားဆီ ပြန်လည်ရောက်ရှိလာပါတယ်။

ပွဲစဉ်အပြီး အန်ဆယ်လော့တီက “ပွဲစဉ်တိုင်း၊ အခိုက်အတန့်တိုင်းက ကစားသမားတွေကြားမှာ ယုံကြည်မှု တည်ဆောက်ဖို့ အကောင်းဆုံး အရာဖြစ်ပါတယ်။ အခိုက်အတန့်တိုင်းကလည်း ပွဲရဲ့အရှိန်အဟုန်အပေါ် သက်ရောက်မှု ရှိစေပါတယ်။ သုံးဂိုးပြတ်လောက် နိုင်နေချိန်မှာ အနည်းငယ်စိတ်အေးအေးနေနိုင်တယ် ဆိုပေမယ့် ဒီလိုကိစ္စတွေကပဲ ပြဿနာတွေကို ပေါ်ပေါက်လာစေပါတယ်။ ကျွန်တော် ဒီလိုပုံစံမျိုးကို မမြင်ချင်ပါဘူး။ ကျွန်တော်တို့က ပိုကောင်းလာနေတယ်လို့ ခံစားနေရပြီး ဒါကပဲ အခုလိုပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းဖို့ အရေးကြီးဆုံးအရာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ကစားသမားတွေကတော့ ဒါကို သေချာပေါက် လုပ်ဆောင်ထားခဲ့ပါတယ်။ သူတို့က အဆင့်အမြင့်ဆုံး ပွဲစဉ်တွေမှာ ကစားဖို့ ဘာပြဿနာမှ မရှိပါဘူး။ ကျွန်တော့်အနေနဲ့ သူတို့အပေါ် အပြည့်အ၀ ယုံကြည်မှုရှိပြီး ဒဏ်ရာပြဿနာတွေ၊ ပွဲပန်းမှုတွေ ကြားထဲမှာ ဖြစ်နိုင်သမျှ အကောင်းဆုံး လူစာရင်းကို ရွေးချယ်ပါတယ်။ ကစာသမားတစ်ဦးချင်းစီရဲ့ ကြံ့ခိုင်မှုပိုင်းကို မြှင့်တင်ဖို့ ပွဲစဉ်တိုင်းမှာ ရနိုင်သမျှအခွင့်အလမ်းတွေကို ရယူသွားဖို့ လိုအပ်ပါတယ်။ သူတို့ရဲ့လက်ရှိ အခြေအနေအပေါ် ထိန်းညှိပေးနိုင်မယ့် ပွဲစဉ်တွေမှာ အသင်းက ပိုပြီးကောင်းကောင်းကစားနေတယ်ဆိုတာ ထင်ရှားပါတယ်။ အခြားနည်းလမ်းလည်း မရှိပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။

လူစားဝင်ကစားပြီး ခြေစွမ်းပြသွင်းဂိုး ရယူနိုင်ခဲ့တဲ့ အားထားရတဲ့ ကွင်းလယ်ကစားသမား မိုဒရစ်ရဲ့ခြေစွမ်းနဲ့ပတ်သက်လို့ အန်ဆယ်လော့တီက “ကျွန်တော်တို့အတွက်တော့ ကစားသမားတွေ အကုန်လုံးက အရမ်းအရေးပါသလို အခုလက်ရှိ ဘောလုံးရာသီက အလွန်တောင်းဆိုမှုများပြားတာကြောင့် အလှည့်ကျစနစ်နဲ့ ပွဲထွက်ကစားရပါမယ်။ မိုဒရစ်ကတော့ သူ့ရဲ့အကောင်းဆုံး ခြေစွမ်းကို ရှာဖွေနေပါတယ်။ ဘီလ်ဘာအိုနဲ့ ပွဲစဉ်မှာ ကရူးစ်က လူစားဝင်ဂိုးသွင်းခဲ့သလို ဒီနေ့မှာလည်း မိုဒရစ်က ဒါမျိုးလုပ်နိုင်ခဲ့တယ်။ အခြားသူတွေ သဘောတူပါ့မလား ကျွန်တော်မသိပေမယ့် သူတို့တွေက အရန်ခုံတန်းမှထလာပြီး ဂိုးတွေ သွင်းယူပေးနိုင်တယ်ဆိုတာ အချက်အလက်တွေက ပြသနေပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #အယ်လ်ချီ #အန်ဆယ်လော့တီ