လီဗာပူးပစ်မှတ် ဘယ်လင်ဂမ်ကို ယူနိုက်တက် ခေါ်ယူသင့်ကြောင်း ပြောကြားလိုက်တဲ့ ပီတာရှမိုက်ကယ်
11:25 AM, 16 February
ယူနိုက်တက် ဂန္တဝင် ပီတာရှမိုက်ကယ်က ယူနိုက်တက်အနေနဲ့ ဂျုဒ်ဘယ်လင်ဂမ်လို ထိပ်တန်းကစားသမားများကို ခေါ်ယူရန်လမ်းကြောင်းမှန်ကိုရောက်နေပြီဟု ယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။
ယခင်ရာသီတွေတုန်းက ယူနိုက်တက်အသင်းရဲ့ ရလဒ်တွေက စိတ်ပျက်စရာကောင်းခဲ့ပေမယ့် ယခုအချိန်မှာတော့ တန်ဟက်ရဲ့ ယူနိုက်တက် အသင်းဟာ ခြေစွမ်းနှင့်ရလဒ်များကောင်းမွန်နေပြီး အပေါင်းလက္ခဏာဆောင်တဲ့ ပြောင်းလဲခြင်းတွေကို ယူဆောင်လာနိုင်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ လက်ရှိ ပရီးမီးယားလိဂ်တွင် တတိယနေရာ၌ ရပ်တည်နေပြီး ယနေ့ည(ကြာသပတေးည)မှာ ယူရိုပါလိဂ်ပြိုင်ပွဲအဖြစ် ဘာစီလိုနာအသင်းနှင့် ယှဉ်ပြိုင် ကစားရမှာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ယူနိုက်တက် အသင်းရဲ့ပြိုင်ဖက်တွေဖြစ်တဲ့ လီဗာပူး သင်းနဲ့ ချဲလ်ဆီးအသင်းတို့ဟာ ပရီးမီးယားလိဂ်မှာရုန်းကန်နေရပြီး မြိုခံပြိုင်ဖက် မန်စီးတီးအသင်းဟာလည်း ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်သည့်အတွက် ပရီးမီးယားလိဂ်မှ ပြစ်ဒဏ်ချမှတ်နိုင်သည့် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။
ယခုအခါ ကံကြမ္မာချိန်ခွင်လျှာသည် လွန်ခဲ့တဲ့ရာသီတုန်းက ပြိုင်ဖက်အသင်းတွေထက် နောက်ကျခဲ့တဲ့ ယူနိုက်တက်အသင်းနှင့် အသင်းသားတွေဖက်ကိုပြန်လည်အလေးသာခဲ့သည်ဟုမြင်မိကြောင်း ယူနိုက်တက် ဂန္တဝင် ပီတာရှမိုက်ကယ်က ပြောကြားခဲ့ပါတယ်။
ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ရဲ့အစီအစဉ်တွေမှာ ဝေဖန်သုံးသပ်သူအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ယူနိုက်တက် ဂန္တဝင် ပီတာရှမိုက်ကယ်က "လက်ရှိအချိန် ယူနိုက်တက်မှာ ကောင်းမွန်တဲ့ စိတ်ဓါတ်တက်ကြွမှုတွေ ကောင်းမွန်တဲ့ခြေစွမ်းတွေ ရှိနေပါတယ်။ အခု ယူနိုက်တက်အတွက် ဘယ်လိုကိစ္စတွေရှိလာနိုင်မလဲ? ကြာသပတေးနေ့မှာ ဘာစီလိုနာမှာ သွားကစားရမှာပါ။ ဟုတ်ပါတယ်။ ကြားထဲမှာလည်း ပရီးမီးယားလိဂ်ပွဲတွေက နောက်ထပ်စမ်းသပ်မှုတွေအဖြစ်ရှိနေပါတယ်။ အဲ့လိုအခြေအနေတွေကို ကောင်းကောင်းကျော်ဖြတ်နိုင်မလား? ဘောလုံးလောကကို မန်ချက်စတာယူနိုက်တက် ပြန်ရောက်နေပြီဆိုတာကို ပြသချင်တာကြောင့် ဥရောပပြိုင်ပွဲတွေမှာကောင်းကောင်းလုပ်နိုင်မယ်ဆိုရင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေကို ယူနိုက်တက်အသင်းမှာ လာရောက်ကစားဖို ဆွဲဆောင်မှုရှိလာစေမှာပါ"ဟု ပြောကြားခဲ့ပါတယ်။
ထိုပြင် လီဗာပူးအသင်း နောက်ခံလူဟောင်း ဂျင်မီကာရေဂါက "လီဗာပူး အသင်းဟာ ဂျုဘယ်လင်ဟမ်ကို ခေါ်ယူချင်နေပေမယ့် လက်ရှိအသင်းရဲ့အနေအထားက ကစားသမားကို ဆွဲဆောင်နိုင်ဖိုအတွက် ကောင်းမွန်တဲ့ အနေအထားတစ်ခုမှာ ရှိမနေပါဘူး။ လီဗာပူးလ်အသင်းသာ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ဘူးဆိုရင် ယူနိုက်တက်အသင်း ဒါမှမဟုတ် မန်စီးတီးအသင်း ရဲ့အခြေအနေတွေဟာ ကျွန်တော်တို့ အသင်းထက် ဂျုဘယ်လင်ဟမ်ကို ခေါ်ယူနိုင်ဖို့အတွက် ပိုမိုဆွဲဆောင်မှုရှိလာနိုင်ပါတယ်။ ဒါကြောင့် အခုအချိန်ဟာ လီဗာပူးအသင်း လမ်းကြောင်းမှန်ပေါ်ရောက်ဖို့အတွက်လည်း အရေးကြီးနေပြီး အဲ့လိုဖြစ်အောင်ဆက်လုပ်ဖိုလည်း လိုအပ်ပါတယ်" ဟု ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်အသင်းရဲ့ ကောင်းမွန်တဲ့ ခေါ်ယူမှုတွေဖြစ်ခဲ့တဲ့ ကက်စမဲရိုး၊ လီဆန်ဒရိုမာတီနက်၊ အဲရစ်ဆင်၊ အန်တိုနီ နှင့် မာလာစီယာတို့ကြောင့် ပရီးမီးယားလိဂ်ထိပ်တန်း အသင်းတွေကို ကောင်းကောင်းယှဉ်ပြိုင်နိုင်ခဲ့တဲ့အပြင် ရော်နယ်ဒိုမပါတဲ့ တိုက်စစ်မှာလည်း ရှက်ဖိုဒ်က အသင်းအတွက်လိုအပ်တဲ့ ဂိုးတွေသွင်းယူနိုင်ခဲ့တာကြောင့် ယူနိုက်တက်အသင်းရဲ့ ရှည်လျားတဲ့ အိမ်ပြန်ခရီးအတွက် အထောက်အကူဖြစ်စေခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ကြာသပတေးနေ့တွင် ဘာစီလိုနာအသင်း၏ အိမ်ကွင်းဖြစ်တဲ့နူးကမ့်မှာသွားရောက် ရင်ဆိုင်ပြီး နောက်သုံးရက်အကြာ တနင်္ဂနွေနေ့မှာ လက်စတာစီးတီးအသင်းကို အိမ်ကွင်း အိုးထရက်ဖိုဒ်မှာ လက်ခံကစားရမှာဖြစ်ပါတယ်။