ရှေ့သို့
Image

ချန်ပီယံလိဂ်၁၆သင်း အဆင့်မှာ စောင့်ကြည့်ရမယ့် ကစားသမား ၈ ဦး

3:13 PM, 14 February

ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် ကြန့်ကြာနေရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေကတော့ ၃လအကြာမှာ ပြန်လာပြီဖြစ်ပါတယ်။ ဒါပေမယ့် ပြန်လာချိန်မှာလည်း ပရိသတ်တွေကို စွဲဆောင်မှုအပြည့်အ၀ ပေးစွမ်းနေပါတယ်။ ၁၆သင်း အဆင့်ပြိုင်ပွဲမှာတင် လီဗာပူး-ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်-ပီအက်စ်ဂျီတို့လို ပွဲစဉ်တွေ ပါဝင်နေပြီး ပရိသတ်တွေကို ဖမ်းစားထားသလိုပဲ ပါဝင်ယှဉ်ပြိုင်ကြမယ့် ကစားသမားတွေထဲမှာလည်း စောင့်ကြည့်ရမယ့်သူတွေ အများအပြားပါဝင်နေပါတယ်။

အိုဆီမန်(နာပိုလီ)
-------------------
လက်ရှိဘောလုံးလောကမှာ ဗစ်တာအိုဆီမန်ထက် ပိုကောင်းတဲ့တိုက်စစ်မှူးဆိုတာ လက်ညိုးထိုးပြဖို့ ရှားပါတယ်။  နာပိုလီရဲ့ ၁၆သင်းအဆင့်ပွဲစဉ်ဖြစ်တဲ့ ဖရန့်ဖတ်နဲ့ပွဲစဉ်ဟာ ပရိသတ်အများအပြား စောင့်ကြည့်ကြမယ့်ပွဲစဉ်မျိုး မဟုတ်ပေမယ့် အီုဆီမန်ရဲ့ အရည်အသွေး၊ စကေးတွေကတော့ စောင့်ကြည့်သင့်တဲ့အထဲ ပါဝင်နေပါတယ်။  ဒါပေမယ့် အိုဆီမန်ကို ချန်ပီယံလိဂ်မှာ စောင့်ကြည့်သင့်တဲ့ အချက်နောက်နှစ်ချက်လည်း ရှိနေပါသေးတယ်။ ပထမအချက်က အရေးပါတဲ့ အခိုက်အတန့်တွေမှာ အရေးပါတဲ့သွင်းဂိုးတွေ သွင်းယူလေ့ရှိတာပဲ ဖြစ်ပါတယ်။

ရိုးမားကို အိမ်ကွင်းနဲ့ အဝေးကွင်း ကစားတဲ့ပွဲစဉ်၊ နိုဝင်ဘာလက အတ္တလန္တာနဲ့ပွဲစဉ်တွေမှာ ဒီအချက်ကို မြင်နိုင်ပါတယ်။ အလားတူ ပြီးခဲ့တဲ့အပတ် စပီဇီယာနဲ့ပွဲစဉ်၊ ဇန်နဝါရီလက ဆမ်ဒိုးရီးယားနဲ့ ပွဲစဉ်တွေကလည်း အိုဆီမန်ရဲ့ အရည်အချင်းတွေကို ပေါ်လွင်စေခဲ့ပါတယ်။ အိုဆီမန်ရဲ့ နောက်ထပ်အားသာချက်က သူ့ရဲ့ပြေးနှုန်းဖြစ်ပြီး သူက အရမ်းမြန်သလို ပြိုင်ဘက်ခံစစ်မှူးတွေအနေနဲ့ ခန့်မှန်းရလည်းအလွန်ခက်ပါတယ်။ ဒါကြောင့် နာပိုလီထက်စာရင် အိုမီဆန်ကို တစ်ကမ္ဘာလုံး စောင့်ကြည့်နေကြမှာ သေချာပါတယ်။


ဇာရီ-အမ်မရီ (ပီအက်စ်ဂျီ)
----------------------
ပီအက်စ်ဂျီလိုမျိုး ငွေသုံးကြမ်းတဲ့အသင်းမှာ ခုလို၁၆နှစ်သားလေးကို မှီခိုရတယ်ဆိုတာ ထူးဆန်းပေမယ့် ဘာပေဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရချိန် ဇာရီ-အမ်မရီက ပဲရစ်အခြေစိုက်ကလပ်အတွက် ဘိုင်ယန်နဲ့ပွဲမှာ အားကိုစရာ ဖြစ်လာနိုင်ပါတယ်။ ဇာရီ-အမ်မရီဟာ မကြာသေးခင်က မောင့်ပယ်လီယာနဲ့ ပွဲစဉ်မှာ ပီအက်စ်ဂျီအတွက် ပထမဆုံးစီနီယာဂိုးကို သွင်းယူပေးခဲ့ပါတယ်။

စူပါစတားတွေများလွန်းလှတဲ့အသင်းမှာ ခုလိုမျိုးထင်ပေါ်လာအောင် လုပ်နိုင်တာက ချီးကျူးချင်စရာဖြစ်ပေမယ့် လူငယ်လေးကတော့ အေးအေးဆေးဆေးပဲ ရှိနေပါတယ်။ နည်းပြ ဂယ်တီယာက လူငယ်လေးကို အသင်းကြီးလူစာရင်းထဲ ထည့်သုံးဖို့အတွက် စဉ်းစားလာပြီး မိုနာကိုအား ၃-၁ဂိုးနဲ့ရှုံးခဲ့တဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ကာ အရည်အချင်းတစ်ခုကို ထပ်မံပြသခဲ့ပါတယ်။

ဂွန်ကာလိုရာမို့စ်(ဘင်ဖီကာ)
-------------------------
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရစ္စတီယာနိုရော်နယ်ဒိုထက် ပိုနာမည်ကြီးသွားတာက လူငယ်တိုက်စစ်မှူး ဂွန်ကာလိုရာမို့စ်ပဲဖြစ်ပြီး ရှုံးထွက်အဆင့်မှာ ဟက်ထရစ်သွင်းပြပြီး ကမ္ဘာကြီးကို မိတ်ဆက်ပြခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ ဂွန်ကာလိုရာမို့စ်ဆိုတဲ့နာမည်ကို အလွယ်တကူ မေ့သွားတော့မှာမဟုတ်ပါဘူး။ ဒီကောင်လေးက ၂၁နှစ်ရှိပြီဖြစ်ပြီး ဘင်ဖီကာမှာ အဓိကတိုက်စစ်မှူးအဖြစ် ကစားနေတာ တစ်နှစ်လောက်ရှိပြီဖြစ်ပြီး ပေါ်တူဂီပြင်ပမှာ တစ်ခါမှမကစားဖူးပေမယ့် ပြောင်းမယ်ဆိုရင်လည်း ငွေကြေးအများကြီးကုန်ကျမယ်ဆိုတာ ဘယ်သူမှမပြောလည်းသိကြမယ်ထင်ပါတယ်။

အရင်တုန်းက ရာမို့စ်ကို ဒီယက်ဇ်၊ ဒါဝင်နူနက်ဇ်တို့နဲ့ နှိုင်းယှဉ်ခဲ့ကြရပေမယ့် ဟိုနှစ်ယောက်က လီဗာပူးကို ပြောင်းသွားပြီဖြစ်လို့ ပေါ်တူဂီလိဂ်မှာ ရာမို့စ်ကသာ မင်းမူနေပါတယ်။ ဒါပေမယ့် ရာမို့စ်ကတော့ တောင်ပံကစားသမားလိုမျိုး တစ်ဦးချင်းကျော်ဖြတ်မှုတွေ ပြုလုပ်တတ်တဲ့ နူနက်ဇ်နဲ့တော့ ကစားပုံမတူပါဘူး။

ရာမို့စ်ရဲ့ အားသာချက်ကတော့ ဧရိယာထဲမှာ အဆုံးသတ်အလွန်သေချာလွန်းတာပဲ ဖြစ်ပါတယ်။ သူကလျင်မြန်တယ်ဆိုတာကို သူ့ရဲ့ဂိုးတွေမှာ မြင်တွေ့နိုင်သလို လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့ သွင်းယူသွားတဲ့တာတွေကို ကြည့်ရင် ပရိသတ်တွေ အံ့အားသင့်ကြမှာပါ။ ဘယ်ရောညာပါအားသန်တဲ့ တိုက်စစ်မှူးဖြစ်သလို ကန်မလို ကန်မလိုနဲ့ ဂိုးသွင်းတတ်တဲ့ နည်းစနစ်ကလည်း တကယ်မိုက်ပါတယ်။

ကာမာဗင်ဂါ (ရီးရဲလ်မက်ဒရစ်)
-----------------------------
သူက အသက်၂၀အရွယ်သာရှိသေးပေမယ့် ကာမာဗင်ဂါဆိုတာ ချန်ပီယံလိဂ်နဲ့မစွမ်းသူတစ်ဦးပဲ ဖြစ်ပါတယ်။ အသက်၁၇နှစ်ကတည်းက ချန်ပီယံလိဂ်မှာ ရန်းနက်စ်နဲ့အတူ ပွဲထွက်ခဲ့ဖူးပါတယ်။ ကွင်းလယ်ခံစစ်ကစားသမားတွေက အဆုံးသတ်ပိုင်း အရမ်းကြီးမကောင်းကြပေမယ့် ကာမာဗင်ဂါကတော့ သူ့ကိုယ်သူ အဆုံးသတ်ကောင်းသူအဖြစ် နာမည်ပေးထားပါတယ်။

ယမန်နှစ်ရာသီ မန်စီးတီးနဲ့ပွဲစဉ်မှာ ကာဗင်ဂါရဲ့ မိနစ်အနည်းငယ်ပါဝင်ကစားခဲ့တာကို ပရိသတ်တွေမှတ်မိကြမယ်ထင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ပထမပွဲစဉ်က ခြေစွမ်းကို ၂၀၂၁ခုနှစ် စက်တင်ဘာလ ဆန်စီရိုက အင်တာနဲ့ပွဲစဉ်မှာ မြင်တွေ့ခဲ့ရပါတယ်။ မိနစ်၈၀မှာ လူစားဝင်လာပြီးနောက် ဗယ်ဗာဒီနဲ့တွဲဖက်ကာ ရိုဒရီဂိုရဲ့ အနိုင်ဂိုးကို ဖန်တီးပေးခဲ့ပါတယ်။

ကာမာဗင်ဂါဟာ ယခုနှစ်ရာသီ လာလီဂါမှာ အန်ဆယ်လော့တီက အရန်ကစားသမားအဖြစ် လူစားဝင်ကစားစေမှုအများဆုံး ကစားသမားတစ်ဦးဖြစ်ပေမယ့် ၄-၃-၃ ကစားကွက်မှာလည်း ဘယ်နောက်ခံလူအဖြစ် ထားကစားလေ့ရှိပါတယ်။ လူကာမိုဒရစ်နဲ့ တိုနီခရူးစ်လို ကစားသမားတွေ အသက်အရွယ်ရလာချိန် ကာမာဗင်ဂါက သူတို့နေရာကို အစားဝင်ဖို့ အသင့်ဖြစ်နေပါပြီ။

ဂျာအိုဖီးလစ်(ချဲလ်ဆီး)
---------------------------
အက်သလက်တီကိုပရိသတ်တွေကတော့ ချန်ပီယံလိဂ်အငွေ့အသက်ကျန်နေသေးတဲ့ ဂျာအိုဖီးလစ်ကို ဝိုင်းအားပေးကြမှာ မြင်ယောင်ပါသေးတယ်။ နည်းပြ ဆီမြွန်နီရဲ့ ကန့်သတ်ချက်များတဲ့ နည်းစနစ်တွေရဲ့အဝေးမှာ ဂျာအိုဖီးလစ်တစ်ယောက် ဘာတွေလုပ်ပြမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

သူ့ရဲ့အက်သလက်တီကိုအတွက် စွမ်းဆောင်ရည်တွေက ဥရောပညတွေမှာ လာပေမယ့် သူ့အသင်းက ချန်ပီယံလိဂ်ကနေ ထွက်လိုက်ရပြီး စိတ်ပျက်စရာနဲ့ ကြုံခဲ့ရပါတယ်။ ချဲလ်ဆီးနည်းပြပေါ်တာသာ သူ့ကို ကွင်းလယ်ဖန်တီးရှင်နေရာထားကစားမယ်ဆိုရင်တော့ ဖီးလစ်ဟာ စူပါစွမ်းဆောင်ရည်မျိုး ပြသပြီး အသင်းကို ကွာတားဖိုင်နယ်ပို့ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ၂၃နှစ်သားအနေနဲ့ ဘာတွေလုပ်ပြနိုင်မလဲဆိုတာကတော့…

လီယွန်နယ်မက်ဆီ(ပီအက်စ်ဂျီ)
-----------------------------
ဒါကတော့ ပရိသတ်တွေကို အရမ်းကြီးပြောပြနေစရာမလိုတဲ့ ကစားသမားပဲ ဖြစ်ပါတယ်။ သူ ဘယ်လောက်ကောင်းကြောင်းဆိုတာကို ကျွန်တော်တို့ အကြိမ်တစ်သန်းလောက် ရေးပြနေလည်း ရိုးနိုင်မှာ မဟုတ်ပါဘူး။ သူကတော့ ပရိသတ်တွေ အမြင်ချင်ဆုံး ကစားသမားတစ်ဦး ဖြစ်နေဆဲပါ။ အခု ပီအက်စ်ဂျီရောက်တာ ၁၈လကျော်လာတာတောင် မက်ဆီကို ဘာစီလိုနာမဟုတ်တဲ့ အသင်းတစ်သင်းနဲ့တွဲပြီးမြင်ဖို့ ခက်ခဲနေပါသေးတယ်။ ကမ္ဘာ့ဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် မက်ဆီရဲ့ အိပ်မက်တွေကတော့ ရပ်တန့်သွားဦးမှာ မဟုတ်ပါဘူး။

ပီအက်စ်ဂျီက မက်ဆီကို ကျော်ကြားလိုမှုတစ်ခုတည်းကြောင့် ခေါ်ယူခဲ့တာ မဟုတ်ပါဘူး။ ပြင်သစ်မှာ နာမည်အကြီးဆုံးအသင်းက ချန်ပီယံလိဂ်မရဖူးတာ မဖြစ်သင့်တာကြောင့် ခုလို မက်ဆီ၊ နေမာ၊ ဘာပေတို့လို စူပါစတားတွေကို စုစည်းထားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီ ချန်ပီယံလိဂ်ရမရဆိုတာ မက်ဆီပေါ်မှာလည်း မူတည်နေပါတယ်….

ကိုလိုမူအာနီ(ဖရန့်ဖတ်)
----------------------------
ဒီနှစ်ရာသီ မူအာနီကို တားဆီးနိုင်ခဲ့တာဆိုလို့ အာဂျင်တီးနားဂိုးသမား အီမီမာတီနက်ဇ်ပဲ ရှိမယ်ထင်ပါတယ်။ ပြင်သစ်တိုက်စစ်မှူးအတွက် ကံမကောင်းစေတဲ့အချက်ကတော့ အရေးအပါဆုံးအချိန်မှာ သူ့ရဲ့အားထုတ်မှုက အလုပ်မဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ အခြားတိုက်စစ်မှူးကောင်းတွေလိုပဲ မူအာနီလည်း ဝမ်းနည်းစရာလွဲချော်မှုနဲ့ ကြုံခဲ့ရပါတယ်။

၁၂၄မိနစ်မှာရခဲ့တဲ့ အခွင့်အရေးကို လွဲချော်ခဲ့ခြင်းက သူ့တစ်သက်လုံး မေ့မရမယ့်အရာဖြစ်သွားပါပြီလို့ မူအာနီကိုယ်တိုင်က ဝန်ခံထားပါတယ်။ ဒါပေမယ့် ဖရန့်ဖတ်အတွက် ၆ပွဲမှာ ၆ဂိုး သွင်းနိုင်ခြင်းက မူအာနီအတွက် ကွင်းထဲမှာ ဖြေဆည်စရာတစ်ခုအဖြစ် ရှိနေမှာပါ။ ၂၀၂၃ခုနှစ်မှာတော့ မူအာနီက ကမ္ဘာ့ဖလားက အမှားတစ်ခုကိုပြင်ဆင်ပြီး ပင်နယ်တီဧရိယာထဲ ဆုံးဖြတ်ချက်တွေ အတော်လေးကောင်းလာခဲ့ပါတယ်။ အဆိုပါသွင်းဂိုးတွေကို နာပိုလီနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အထိ မူအာနီ ယူဆောင်သွားပေးနိုင်မလား စောင့်ကြည့်ရပါမယ်။

ဒိုမနစ်ဆလိုဘိုဆလိုင်း(လိုက်ပ်ဇစ်)
------------------------------
နည်းပြ မာကိုရို့စ်က ဆလိုဘိုဆလိုင်းကို အတောင်ပံတပ်ပေးလိုက်တာပါ။ ဆဲလ်ဘတ်နဲ့အတူ ဆယ်ကျော်သက်အရွယ်မှာ ပွဲထွက်ခဲ့ပြီး လက်ရှိ နည်းပြရို့စ်လက်အောင် လိုက်ပ်ဇစ်မှာ တောက်ပနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ရို့စ် လိုက်ပ်ဇစ်ကို ရောက်လာပြီးနောက် ၁၅ပွဲစလုံး ပါဝင်ကစားထားခဲ့ပါတယ်။ ယခုနှစ်ရာသီ ဘွန်ဒက်စ်လီဂါမှာ ၃ဂိုးသွင်း ၈ဂိုးဖန်တီးထားကာ သူ့ထက်ဖန်တီးမှုပိုများတာဆိုလို့ မူအာနီတစ်ဦးသာ ရှိပါတော့တယ်။

ဖန်တီးမှုစွမ်းရည်မြင့်မားတဲ့ ဆလိုဘိုဆလိုင်းဟာ တည်ကန်ဘောတွေကနေလည်း ခြိမ်းခြောက်နိုင်ပြီး ဖန်တီးမှု၈ ကြိမ်မှာ ၂ကြိမ်က ထောင့်ကန်ဘောတွေကနေလာတာ ဖြစ်ပါတယ်။ ဒန်နီအိုလ်မိုနဲ့ အန်ကွန်ကူတို့ ဒဏ်ရာတွေကြောင့် ဒုက္ခဖြစ်နေချိန် လိုက်ပ်ဇစ်ကို ဆလိုဘိုဆလိုင်းတစ်ယောက် ကူညီပေးနိုင်မလား စောင့်ကြည့်ရမှာပါ။

ခဗီချာခဗာရက်စ်ကီးလီယား(နာပိုလီ)
------------------------------
ခဗာရက်စ်ကီးလီယာရဲ့ ကစားပုံတွေကို ကြည့်ရတာ ပြိုင်ဘက်ခံစစ်မှူးမပြောနဲ့ ကိုယ်တွေတောင် မူးနောက်သွားပါတယ်။ ချန်ပီယံလိဂ်မှာ ပထမဆုံးကစားတယ်လို့တောင် မထင်ရလောက်အောင် ၂၂နှစ်သားလေးရဲ့ အုပ်စုတွင်း စွမ်းဆောင်ရည်တွေက တော်တော်လေးကောင်းမွန်တာကို တွေ့ရပါတယ်။ ၅ပွဲကစား ၂ဂိုးသွင်းပြီး ၃ဂိုး ဖန်တီးထားပါတယ်။ ဒါပေမယ့် ဂျော်ဂျီယာသားရဲ့ အရည်အသွေးတွေကို ဒီနံပါတ်တွေနဲ့ပဲ အဆုံးအဖြတ်ပေးမယ်ဆိုရင် မမျှတရာကျပါလိမ့်မယ်။

တောင်းဆိုမှုများတဲ့ ယနေ့ခေတ်ဘောလုံးလောကမှာ ခဗာရက်စ်ကီးလီယာရဲ့ အရည်အသွေးက ကွက်တိကျပါတယ်။ သူ့ရဲ့ အတိုးအလှုပ်၊ အလှည့်အပတ်၊ အရွေ့တွေက ရင်သက်ရှုမောဖွယ်ရာပါပဲ။ အသင်းကြီးတွေက စိတ်ဝင်စားကြမှာ သေချာပေမယ့် နာပိုလီအသင်းက သူ့အတွက် ပြီးပြည့်စုံတဲ့အသင်းပါပဲ…

#အယ်ဒီတာအကြိုက် #မက်ဆီ #ချန်ပီယံလိဂ် #ကာမာဗင်ဂါ #အိုဆီမန် #ဂွန်ကာလိုရာမို့စ်