ရှေ့သို့
Image

ထိပ်ဆုံးနှစ်သင်းသာ တုံ့ဆိုင်းနေရင် ယူနိုက်တက်က ချန်ပီယံဆုကိုယူဖို့ အသင့်ပဲဆိုတဲ့ ဆာဘစ်ဇာ

2:48 PM, 14 February

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ မာဆယ်ဆာဘစ်ဇာက ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ယှဉ်ပြိုင်မှုမှာ ထိပ်ဆုံးနှစ်သင်းက တုံ့ဆိုင်းနေမယ်ဆိုရင်တော့ ယူနိုက်တက်က ဝင်ယူသွားဖို့ အသင့်ပဲဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ တနင်္ဂနွေနေ့တုန်းက မားကပ်စ်ရက်ရှ်ဖို့ဒ်၊ အလီဂျန်ဒရိုဂါနာချိုတို့ရဲ့ ဂိုးတွေနဲ့ လိဒ်စ်ယူနိုက်တက်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်နဲ့ ၅ မှတ်သာ ကွာဟတော့တဲ့ အနေအထားကို ရောက်လာခဲ့ပါတယ်။ ဂန်းနားတွေဟာ နည်းပြအဲရစ်တန်ဟတ်ရဲ့ အသင်းထက် ၂ ပွဲလျော့ကစားထားပြီး အက်စ်တွန်ဗီလာကို တနင်္ဂနွေနေ့က ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ မန်ချက်စတာစီးတီးကတော့ ယူနိုက်တက်ထက် တစ်ပွဲလျော့ ၂ မှတ်အကွာမှာ ရှိနေပါတယ်။

ဆာဘစ်ဇာကတော့ ဘိုင်ယန်မြူးနစ်ကနေ အငှားလာကစားနေတာဖြစ်ပြီး တစ်ပတ်အတွင်းမှာ လိဒ်စ်ယူနိုက်တက်ကို ဒုတိယအကြိမ်အဖြစ် တွေ့ဆုံပြီး နိုင်ပွဲပါရရှိခဲ့တာကြောင့် ယူနိုက်တက်အတွက် ကြီးမားတဲ့အရာတွေက စောင့်ကြိုနေကြောင်း ပြောခဲ့ပါတယ်။

၂၀၁၃ နောက်ပိုင်း ပထမဆုံးလိဂ်ချန်ပီယံဆုကို ယူနိုက်တက်က ရနိုင်သလားလို့ မေးမြန်းရာမှာတော့ သြစတြီးယား ကွင်းလယ်လူက “ပြောရခက်ပါတယ်။ ကျွန်တော်တို့က သူတို့နောက်ကို နည်းနည်းလေး ရောက်နေတယ် ဒါပေမယ့် ကျွန်တော်တို့ ဆက်သွားနေမှာပါ၊ ကိုယ့်အလုပ်ကိုယ် ကောင်းကောင်းလုပ်နေတယ်။ အမြဲအဆင်သင့်ပါပဲ၊ ကြည့်ရင်တွေ့မှာပါ။ ပွဲကြီးပွဲကောင်းတွေ ကျန်သေးတယ်၊ ပိုကြီးကျယ်တာတွေ လုပ်ရဦးမယ်။ ကျွန်တော်တို့ ဆက်သွားနေမယ်၊ ဆက်တိုးတက်နေမယ်။ လက်ရှိရထားတဲ့ အရှိန်ကို အမြင့်ဆုံးမှာ ဆက်ထိန်းမယ်။ ရာသီကုန်မှ ဘာတွေဖြစ်မလဲသိမှာဆိုပေမယ့် ကျွန်တော့်တို့ကတော့ အသင့်ပဲ ” လို့ ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပရီးမီးယားလိဂ် ဆာဘစ်ဇာ