ရှေ့သို့
Image

ပြီးခဲ့တဲ့နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပုံကို ဖွင့်ပြောလာတဲ့ ဂတ်ပို

3:53 PM, 13 February

လီဗာပူးတိုက်စစ်မှူးဂတ်ပိုက ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ အိုးထရက်ဖို့ဒ်မြေဆီ ပြောင်းရွှေ့ဖို့အတွက် နည်းပြဟောင်းနစ္စတယ်ရွိုင်းနဲ့ ဆွေးနွေးဖြစ်ခဲ့ပုံကို ဖွင့်ပြောလာခဲ့ပြီး ဒီအပြောင်းအရွှေ့သတင်းတွေက အခုဘောလုံးရာသီအစောပိုင်းမှာ သူ့အပေါ်သက်ရောက်မှုရှိခဲ့တယ်လို့ ဝန်ခံလိုက်ပါတယ်။

၂၀၂၂ ခုနှစ်၊ နွေရာသီမှာ ဂတ်ပိုက မန်ချက်စတာယူနိုက်တက်ဆီ ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပေမယ့် လက်တွေ့ဖြစ်မလာခဲ့ဘဲ ပီအက်စ်ဗွီမှာပဲ ဆက်ရှိနေခဲ့ပါတယ်။ ကာတာနိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းကောင်းတွေ ပြသပြီးနောက် ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့အစပိုင်းမှာပဲ လီဗာပူးက သူ့ကို လက်ငင်းပြောင်းရွှေ့ကြေး ပေါင် ၃၇ သန်းနဲ့ အင်္ဂလန်မြေဆီ အရောက်ခေါ်ယူခဲ့ပါတယ်။

ဂတ်ပိုကတော့ အန်ဖီးလ်ဆီ ပြောင်းရွှေ့ဖို့ အလွယ်တကူပဲ ဆုံးဖြတ်ခဲ့သလို နှစ်ဖက်ညှိနှိုင်းမှုတွေကလည်း  ခရစ္စမတ်ကာလမှာပဲ လျှင်လျှင်မြန်မြန်ပြီးဆုံးသွားခဲ့တယ်လို့ ရှင်းပြပါတယ်။ ဒါပေမယ့် သူက လက်တွေ့ဖြစ်ပေါ်လာခြင်းမရှိတဲ့ ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ကိုလည်း အရမ်းစိတ်ဝင်စားခဲ့တယ်လို့ ဆိုလာပါတယ်။ ဂတ်ပိုက သူ့ရဲ့နည်းပြဟောင်း နစ္စတယ်ရွိင်းနဲ့ သရဲနီတွေအကြောင်း ဆွေးနွေးမှုတွေရှိခဲ့တယ်လို့ ထုတ်ပြောခဲ့ပေမယ့် လီဗာပူးနဲ့အပြောင်းအရွှေ့အပေါ် ယူနိုက်တက်တိုက်စစ်မှူးဟောင်း ကျေနပ်နေမယ်လို့ ယူဆနေပါတယ်။

“အရိုးသားဆုံးပြောရရင် ပြီးခဲ့တဲ့နွေရာသီ၊ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လာချိန်မှာ ကျွန်တော် နစ္စတယ်ရွိုင်းနဲ့ ယူနိုက်တက်အကြောင်း အတော်များများပြောဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဆောင်းရာသီမှာတော့ အဲ့ဒီအတိုင်း အမှန်တကယ်မဖြစ်လာတော့ဘူး။ နစ္စတယ်ရွိုင်းက ကျွန်တော့်ကို အသင်းကြီးတစ်ခုဆီ ပြောင်းရွှေ့စေချင်ခဲ့တယ်။ သူ့ရဲ့ဆန္ဒတွေဟာ လီဗာပူးနဲ့အတူ ပြည့်မြောက်ခဲ့ပြီလို့ ကျွန်တော်ယူဆမိပါတယ်။ နွေရာသီအပြောင်းအရွှေ့တုန်းကတော့ ထင်ကြေးတွေ အများကြီးထွက်ပေါ်ခဲ့ပါတယ်။ ဒါက ကျွန်တော့်အတွက် အပြောင်းအရွှေ့ဖြစ်လာနိုင်တဲ့ ပထမဆုံးဈေးကွက်ဖြစ်လို့ ကျွန်တော့်အပေါ် အတော်လေးသက်ရောက်မှု ရှိခဲ့ပါတယ်။

ဒါပေမယ့် ဒီနေရာမှာ ကျွန်တော်ပြောခဲ့တာလေး ရှိပါတယ်။ ‘ဒီအကြောင်းတွေကို မေ့ထားပြီး ကိုယ့်ရဲ့ပွဲမှာ အကောင်းဆုံးကစား၊ ဒါတွေက လာမယ့်နွေရာသီ သို့မဟုတ် ဆောင်းရာသီမှာ ဖြစ်လာနိုင်သေးတယ်’ ဆိုတာပါပဲ။ ဒါက ကျွန်တော်လုပ်ဖို့ ကြိုးစားခဲ့တဲ့ အရာဖြစ်သလို ကောင်းကောင်းအလုပ်ဖြစ်ခဲ့ပါတယ်။

လီဗာပူးဆီက စိတ်ဝင်စားမှုတွေရှိတယ်ဆိုတာ ကျွန်တော်ကြားခဲ့ပါတယ်။ နောက်ငါးရက်လောက်နေတော့ သဘောတူညီမှု ရသွားတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်မန်နေဂျာနဲ့ အစ်ကိုကတော့ ဒီအကြောင်းအရာတွေကို ဟိုအရင်ကတည်းက သိထားပြီးသားပါ။ ဒါပေမယ့် ကျွန်တော်က ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အပြည့်အဝအာရုံစိုက်ထားဖို့ လိုအပ်နေလို့ ဘာမှလာမပြောဖို့ သူတို့ကို သတိပေးခဲ့ပါတယ်။

လီဗာပူးဆီက စိတ်ဝင်စားမှုကို ကြားလိုက်ရတဲ့အချိန်မှာ “ကျွန်တော် အတော်လေးပျော်ရွှင်သွားပြီး အန်ဖီးလ်ဆီ ပြောင်းမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒုတိယခရစ္စမတ်နေ့၊ ဘောက်ဆင်ဒေးနေ့လို့ပဲ ပြောရမလား? အန်တီတွေ၊ တူမတွေအပါအဝင် ကျွန်တော့်မိသားစုနဲ့အတူ ရှိနေတုန်း လီဗာပူးအကြောင်းပြောတဲ့ ဖုန်းခေါ်ဆိုမှုတွေ တစ်ချိန်လုံး လက်ခံခဲ့ရပါတယ်။ ဒါပေမယ့် ခရစ္စမတ်နေ့မှာတော့ ကျွန်တော် ဖုန်းမကိုင်တော့ပါဘူး။ အဲ့ဒီနေ့က အရမ်းအရေးပါတဲ့ရက်ဖြစ်လို့ ဖုန်းကို ကိုယ့်ရဲ့အဝေးမှာ ထားလိုက်ပါတယ်။ နောက်ရက်မှာတော့ အပြောင်းအရွှေ့ဖြစ်မြောက်သွားပါတယ်”လို့ ဂတ်ပိုက ပြောပါတယ်။

နယ်သာလန်လက်ရွေးစင် တိုက်စစ်မှူးက ပရီးမီးယားလိဂ်မှာ အထနှေးနေဆဲဖြစ်ပြီး အန်ဖီးလ်ကလပ်အတွက် ခြောက်ပွဲကစားပြီးချိန် သွင်းဂိုးတော့ မရှာတွေ့သေးပါဘူး။ #မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #ဂတ်ပို