ရှေ့သို့
Image

ပေါ့ဂ်ဘာက အသင်းသားမဖြစ်လာသေးဘူးလို့ ပြောခဲ့တဲ့ ဂျူဗီနည်းပြ အယ်လီဂရီ

2:12 PM, 13 February

ဂျူဗင်တပ်စ်နည်းပြ မက်ဆီမီလီယာနိုအယ်လီဂီကတော့ အသင်းရဲ့ ကွင်းလယ်ပိုင်း ဒဏ်ရာပြဿနာတွေ များပြားနေမှုနဲ့အတူ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဂ်ဘာကလည်း ဘယ်အချိန်မှ ပြန်ကစားမလဲဆိုတာ မသိသေးဘူးလို့ ဝန်ခံခဲ့ပါတယ်။ ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ့ဂ်ဘာဟာ မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် ဂျူဗီကို ဒုတိယအကြိမ် ပြန်လာခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် တစ်ပွဲတောင် မကစားနိုင်သေးပါဘူး။

ပြင်သစ်လက်ရွေးစင်ဟာ ကမ္ဘာ့ဖလားကိုလည်း ဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီး ခွဲစိတ်ကုသမှုခံယူခဲ့ပြီးနောက် ဒီလအစောပိုင်းမှာ ပြန်ကစားနိုင်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း တင်ပါးဒဏ်ရာရှိနေသေးတာကြောင့် ပွဲကစားဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ အခုလည်း ကစားသမားရဲ့ အခြေအနေကို နည်းပြ အယ်လီဂရီကိုယ်တိုင် ထုတ်ဖော်ပြောကြားခဲ့ပေမယ့် သတင်းကောင်းတော့ မဟုတ်ခဲ့ပါဘူး။

ဖီအိုရင်တီးနားနဲ့ ပွဲမတိုင် သတင်းစာရှင်းလင်းပွဲမှာ ဂျူဗီနည်းပြက နွေရာသီမှာ ခေါ်ယူထားတဲ့ ကစားသမားဟာ ပါဝင်ကစားဖို့ အသင့်မဖြစ်သေးကြောင်းနဲ့ ဘယ်အချိန်မှ ပြန်ကစားနိုင်မလဲဆိုတာကိုလည်း မသိသေးကြောင်း ပြောခဲ့ပါတယ်။

အယ်လီဂရီက “ပေါ့ဂ်ဘာက လူစာရင်းထဲမပါနိုင်သေးဘူး၊ အခုသူ နားရဦးမှာပါ။ သူအသင်းမှာရှိမှာ မဟုတ်ပါဘူး ဒီလိုပြောရလို့ စိတ်မကောင်းပေမယ့် ဒါကတကယ်ဖြစ်နေလို့ပါ။ သူပြန်ကစားနိုင်အောင် ကြိုးစားနေပါတယ်။ အခုတော့ သူဘယ်အချိန် ပြန်လာမလဲ ကျွန်တော်လည်း မပြောနိုင်ပါဘူး။ နောက်ရက် ၂၀ အတွင်းဖြစ်မလား မသိပါဘူး ” လို့ ပြောခဲ့ပါတယ်။

ပေါ့ဂ်ဘာရဲ့ ဒုတိယအကြိမ် တူရင်ခရီးစဉ်ကတော့ ထင်သလောက် အဆင်ပြေမနေခဲ့ပါဘူး။ ကွင်းလယ်လူဟာ မန်ချက်စတာယူနိုက်တက်ကနေ လူငယ်ကစားသမား တစ်ဦးအဖြစ် ထွက်ခွာလာခဲ့ပြီး ဂျူဗီမှာကစားခဲ့တဲ့ ၄ နှစ်အတွင်း ကမ္ဘာ့အဆင့်မီ ကစားသမား ဖြစ်လာခဲ့ပါတယ်။ စီးရီးအေဖလားကို ၄ ကြိမ် ဆက်ရရှိခဲ့ပြီးနောက် ငယ်ဘဝကလပ် ယူနိုက်တက်ကို ၂၀၁၆ မှာ ပြန်ပြောင်းသွားခဲ့ပါတယ်။ ပေါ့ဂ်ဘာရဲ့ ယူနိုက်တက်ကစားသမားဘ၀ ဒုတိယအကြိမ်ကလည်း ထင်သလောက် အဆင်မပြေခဲ့ပါဘူး။ အခုချိန်မှာတော့ ပေါ့ဂ်ဘာကိုယ်တိုင်တင်မကပဲ သူ့ရဲ့ကလပ် ဂျူဗင်တပ်ကပါ ကွင်းတွင်းကွင်းပြင် ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေရပါတယ်။

အီတလီကလပ်ဟာ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီး ဖြစ်သလို ဘဏ္ဍာရေးမျှခြေစည်းမျဉ်း ချိုးဖောက်မှုတွေ၊ ငွေစာရင်းအမှားတင်ပြမှုတွေကြောင့် စီးရီးအေမှာ ၁၅ မှတ်လျှော့ချခံခဲ့ရပါတယ်။

#စီးရီးအေ #ဂျူဗင်တပ်စ် #ပေါ့ဂ်ဘာ #အယ်လီဂရီ