သူ့ရဲ့တိုးတက်လာမှုအတွက် နည်းပြ အာတီတာကို ချီးကျူးလိုက်တဲ့ အန်ကီတီယာ
10:37 AM, 13 February
အာဆင်နယ်တိုက်စစ်မှူး အန်ကီတီယာတစ်ယောက် ဒီရာသီတိုးတက်လာတဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး နည်းပြ အာတီတာတစ်ယောက် ယုံကြည်မှုပေးခဲ့လို့ ကျေးဇူးတင်နေပါတယ်။
အန်ကီတီယာက အာတီတာတစ်ယောက် နည်းပြဖြစ်လာတဲ့နေ့မှာပဲ ကျွန်တော့်အရည်အချင်းကို ယုံကြည်မှုရှိပြီး အခွင့်အရေးပေးသွားမယ်လို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စပိန်သားထံကနေ နည်းပညာနဲ့ နည်းစနစ်ပိုင်းအကြံဉာဏ်တွေ ရရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
တိုင်းမ်စ်သတင်းဌာနနဲ့အင်တာဗျူးမှာ အန်ကီတီယာက “အာတီတာ လက်အောက်မှာ ကစားရတာ တကယ်ကောင်းပါတယ်။ တည်ငြိမ်စေသလို သူပထမဆုံး ရောက်လာတဲ့နေ့ကတည်းက ကျွန်တော့်ကို ယုံကြည်ပြီး အခွင့်အရေးပေးမယ်လို့ ပြောခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်ကိုအများကြီး တိုးတက်လာအောင် ကူညီပေးခဲ့တဲ့အတွက် သူ့ကိုကျေးဇူးတင်ပါတယ်။ မှန်ပါတယ်။ နည်းစနစ်ပိုင်းအများကြီးတိုးတက်လာခဲ့ပြီး နေရာလွတ်တွေ ဘယ်လိုရှာရမယ်၊ ဘယ်လိုဘောလုံးလက်ခံရမယ်၊ ဘယ်လိုဘောလုံးပေးရမယ် ၊ ခံစစ်ကစားသမားတွေကို ဘယ်လိုဒုက္ခပေးရမလဲဆိုတာတွေကို သင်ကြားပြသခဲ့ပါတယ်။ အဲ့တာကြောင့် ကျွန်တော်အခုလိုတိုးတက်လာခဲ့တာဖြစ်ပြီး ကျွန်တော်ဂိုးတွေလည်း ပိုရလာခဲ့တာပါ။ ကျွန်တော်လူငယ်တုန်းက ဂိုးတွေအများကြီး သွင်းခဲ့ပေမယ့် လူတွေက အရေအတွက်ပဲ မြင်တာပါ။ ကျွန်တော် အခု အသက် ၂၃ နှစ်ရှိနေပါပြီ။ ပြီးတော့ ကျွန်တော်မပြီးဆုံးသေးတဲ့ အရာတွေလုပ်ရမယ်ဆိုတာကို လက်ခံပါတယ်။ ပရီးမီးယားလိဂ်ကြောင့် ကျွန်တော်အများကြီး တိုးတက်နိုင်ပါသေးတယ်”လို့ အင်္ဂလန်သားက ပြောကြားခဲ့ပါတယ်။
အန်ကီတီယာဟာ ဒီရာသီအာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၂၇ ပွဲအထိ ပါဝင်ကစားပေးထားပြီး ၉ ဂိုး သွင်းယူထားနိုင်ခဲ့ကာ အဲ့ထဲက ၄ ဂိုးကို ပရီးမီးယားလိဂ်မှာ သွင်းယူထားတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ လာမယ့်ဗုဒ္ဓဟူးနေ့ညမှာ မန်စီးတီးအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။