နွေရာသီမှာ အသင်းပြောင်းနိုင်ကြောင်း နောက်တစ်ကြိမ် အရိပ်အမြွက်ပေးခဲ့တဲ့ ဘရန့်ဖို့ဒ်ဂိုးသမား ရာယာ
1:19 PM, 11 February
ဘရန့်ဖို့ဒ်ဂိုးသမား ဒေးဗစ်ရာယာကတော့ အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန်ကာ ဘရန့်ဖို့ဒ်ကနေ နွေရာသီမှာ ထွက်ခွာနိုင်တယ်ဆိုတဲ့ ကောလဟာလတွေကို ပိုမိုကြီးထွားသွားစေခဲ့ပါတယ်။
စပိန်ဂိုးသမားကိုတော့ မန်ချက်စတာယူနိုက်တက်၊ တော့တင်ဟမ်နဲ့ ချဲလ်ဆီးတို့က ပြီးခဲ့တဲ့ လပိုင်းကတည်းက စိတ်ဝင်စားလဲ့ကြပြီး ကစားသမား ကိုယ်တိုင်ကထွက်ခွာဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ နောက်ဆုံးလုပ်ခဲ့တဲ့ PA နဲ့ အင်တာဗျူးမှာတော့ ရာယာက ဘရန့်ဖို့ဒ်မှာ ပျော်ရွှင်နေကြောင်း နဲ့ သူ့ရဲ့အနာဂတ်ထက် လက်ရှိပရီးမီးယားလိဂ်မှာ အခြေအနေကောင်းနေတဲ့ ဘရန့်ဖို့ဒ်ရဲ့ ရလဒ်တွေကို ဆက်ထိန်းထားနိုင်ဖို့ လိုကြောင်းပြောခဲ့ပါတယ်။
၂၇ နှစ်အရွယ် ဂိုးသမား ရာယာက “ ဒီအချိန်က စာချုပ်တစ်ခု ချုပ်ဖို့ အချိန်ကောင်း မဟုတ်ပါဘူး။ အခုကျွန်တော်အရမ်းပျော်နေပါတယ်၊ အသင်းအတွက်လည်း အကောင်းဆုံး ကြိုးစားနေပြီးတော့ ဥရောပဝင်ခွင့်ရအောင်ပါ လုပ်နေပါတယ်။ ပြီးခဲ့တဲ့နှစ်က စာချုပ်သစ်ကမ်းလှမ်းခံရပါတယ်၊ ဇန်နဝါရီမှာလည်း တစ်ခုထပ်ကမ်းလှမ်းတယ် ဒါပေမယ့် သဘောတူညီမှုတော့ မရသေးပါဘူး။ နွေရာသီမှာ ဘာတွေဖြစ်မလဲသိချင်ပါတယ် ဒါပေမယ့် ကျွန်တော်ဘရန့်ဖို့ဒ်မှာ တကယ်ပျော်နေပါတယ်။ အခုစာချုပ်ကိစ္စတွေဆိုတာ ဒုတိယဦးစားပေးအဆင့်မှာပါ၊ အရေးအကြီးဆုံးက အသင်းနဲ့ ကစားရမယ့်ပွဲတွေပါပဲ။ မေလကျရင် ကျွန်တော်တို့ ဘယ်နေရာမှာ ရှိနေမလဲက အရေးကြီးပါတယ်။ တစ်ချိန်ချိန်မှာ ဘာတွေဖြစ်လာမလဲဆိုတာ မသိနိုင်ပါဘူး။ နွေရာသီမှာ ဘာတွေဖြစ်မလဲဆိုတာလည်း ကျွန်တော်မပြောနိုင်ပါဘူး။ လာမယ့်စနေနေ့ကျရင်တောင် ဘာဖြစ်မလဲဆိုတာ ကျွန်တော်မသိပါဘူး ” လို့ ပြောခဲ့ပါတယ်။
ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်ခ်ကလည်း အသင်းကထွက်ချင်နေတယ်ဆိုတဲ့ ရာယာရဲ့ ကောလာဟလတွေ အကြောင်းကိုလည်း အာဆင်နယ်နဲ့ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ပြောပြသွားခဲ့ပါတယ်။
ဖရန့်ခ်က “စာချုပ်သစ်ကမ်းလှမ်းမှု နှစ်ကြိမ်ကို ငြင်းခဲ့တယ်ဆိုရင်တော့ ဒါက စိတ်မကောင်းစွာနဲ့ အချက်ပြမှုတစ်ခုလို့ ပြောလို့ရပါတယ်။ ကျွန်တော်အရင်က ပြောခဲ့တဲ့အတိုင်းပဲ ဒေးဗစ်က အရမ်းအံ့သြဖို့ကောင်းတဲ့သူပါ။ လက်ရှိလိဂ်မှာ အကောင်းဆုံး ဂိုးသမားထဲက တစ်ယောက်ပါပဲ။ အသင်းခေါင်းဆောင် တစ်ယောက်လည်းဖြစ်သလို အသင်းကိုဦးဆောင်နေတဲ့ ကစားသမားတွေထဲက တစ်ဦးပါ။ သူ့ရဲ့နေ့စဉ် စွမ်းဆောင်ရည်နဲ့ အမူအကျင့်တွေကအစ အရမ်းကောင်းတဲ့သူပါ ” လို့ ပြောခဲ့ပါတယ်။
၂၇ နှစ်အရွယ်ကစားသမားဟာ ၂၀၁၉ မှာ ဘလက်ဘန်းကနေ ဘရန့်ဖို့ဒ်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက် ပထမဦးစားပေး ဂိုးသမားအဖြစ် နေရာရခဲ့ပြီး အခုဆိုရင် ဘရန့်ဖို့ဒ်မှာ ပွဲပေါင်း ၁၃၃ ပွဲအထိ ကစားပေးခဲ့ပြီး ဖြစ်ပါတယ်။