ရှေ့သို့
Image

လီဗာပူးဆီ ဂတ်ပို ပြောင်းရွှေ့ခဲ့တာ အချိန်စောလွန်းတယ်လို့ ယူဆနေတဲ့ နယ်သာလန်နည်းပြ ကိုးမန်း

11:10 AM, 9 February

နယ်သာလန်ကြယ်ပွင့်ဂတ်ပိုရဲ့ လီဗာပူးဆီ ပြောင်းရွှေ့မှုက အချိန်စောလွန်းနေပြီး ဒီလိုလုပ်ဆောင်ခဲ့မှုရဲ့ ရလဒ်အဖြစ် အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ နယ်သာလန်လက်ရွေးစင် အသင်းနည်းပြ ကိုးမန်းက သုံးသပ်ခဲ့ပါတယ်။

ကိုးမန်းက သူ့ကစားသမားရဲ့ အရည်အသွေးအပေါ် သံသယမရှိပေမယ့် အခုရာသီရုန်းကန်နေရတဲ့ လီဗာပူးဆီ ပြောင်းရွှေ့ခဲ့မှုမှာ မေးခွန်းထုတ်စရာ အခြေအနေဖြစ်တယ်လို့ ယူဆနေတာပါ။ တဖက်မှာလည်း ဂတ်ပိုက အန်ဖီးလ်ကလပ်အတွက် ခြောက်ပွဲ ပါဝင်ကစားထားပေမယ့် သွင်းဂိုးတော့ မရှာဖွေနိုင်သေးပါဘူး။

ကိုးမန်းက “ ပုံစံကောင်းမပြနိုင်တဲ့အသင်းဆီမှာ ဂတ်ပိုရဲ့အပြောင်းအရွှေ့က အဆုံးသတ်သွားခဲ့ပါတယ်။ အထူးသဖြင့် လူငယ်ကစားသမားတစ်ဦးအနေနဲ့ ဂိုးလည်းမသွင်းနိုင်၊ အသင်းကလည်း အနိုင်မရဆိုတဲ့ အခြေအနေမျိုးက အရမ်းကို ခက်ခဲလွန်းပါတယ်။ အတွေ့အကြုံရှိ အသက်-၂၈ နှစ်အရွယ် ကစားသမားတစ်ဦးဆိုရင်တော့ ဒီလိုအခြေအနေတွေနဲ့ ကွာခြားသွားပါလိမ့်မယ်။ အင်္ဂလန်ရဲ့ဘောလုံးအဆင့်အတန်းက နယ်သာလန်ထက် အများကြီးမြင့်မားပါတယ်။ ဒါပေမယ့် သူတို့တွေက လူငယ်ကစားသမားလေးတွေပဲလေ၊ ဟုတ်တယ်မလား? ဂရာဗန်ဘတ်ချ်ကိုပဲကြည့်လေ၊ ဘိုင်ယန်မြူးနစ်ဆီ ရောက်သွားပြီး ပွဲမကစားရဘူး။ ဒီလိုအခြေအနေတွေက သူတို့အတွက် သိပ်ခက်ခဲလွန်းတယ်ဗျာ”လို့ ရှင်းပြခဲ့တာပါ။

လီဗာပူးက ပြီးခဲ့တဲ့သီတင်းပတ်ကုန်၊ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝုဗ်ကို သုံးဂိုးပြတ်အရေးနိမ့်ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့်-၁၀ မှာ ရပ်တည်နေပါတယ်။ ယာဂန်ကလော့ပ်ရဲ့အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆက်ရှိနေသေးတယ်ဆိုပေမယ့် ပရီးမီးယားလိဂ်ထိပ်ဆုံး လေးသင်းစာရင်းဝင်နိုင်ဖို့ အတော်လေးခက်ခဲသွားပါပြီ။ လီဗာပူးက လာမယ့်တနင်္လာနေ့ညပိုင်းမှာ မာဆေးဆိုဒ်ဒါဘီပရီးမီယားလိဂ်ပွဲစဉ်အဖြစ် အဲဗာတန်ကို အန်ဖီးလ်ကွင်းမှာ ဧည့်ခံကစားရပါမယ်။

#လီဗာပူး #နယ်သာလန် #အပြောင်းအရွှေ့ #ရော်နယ်ကိုးမန်း #ဂတ်ပို