ရှေ့သို့
Image

အယ်လ်အာလီကို အနိုင်ယူကာ ကလပ်ကမ္ဘာ့ဖလားဖိုင်နယ်ဆီ တက်ရောက်နိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

9:06 AM, 9 February

ဒီနေ့မနက်ပိုင်း၊ ကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ ရီးရဲလ်မက်ရစ်က အီဂျစ်ကလပ် အယ်လ်အာလီကို ၄-၁ ဂိုးနဲ့ အနိုင်ကစားကာ ဗိုလ်လုပွဲအဆင့်ဆီ တက်ရောက်နိုင်ခဲ့ပါတယ်။

ဒီပွဲစဉ်ကို မော်ရိုကိုနိုင်ငံမြို့တော် ရာဘတ်မှာ ယှဉ်ပြိုင်ကစားခဲ့ပြီး ဒေသခံပရိသတ်များ တက်ရောက်အားပေးခဲ့ကြပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့အားထားရတဲ့ တိုက်စစ်မှူး ဘန်ဇီးမား ဒဏ်ရာကြောင့် အခုပွဲစဉ်ကို လွဲချော်ခဲ့ပြီးနောက် နည်းပြအန်ဆယ်လော့တီက ရိုဒရီဂို၊ ဗင်နီးစီးယက်စ်တို့ကို တိုက်စစ်ပိုင်းအတွက် ပွဲထုတ်လာခဲ့ပေမယ့် သွင်းဂိုးရရှိနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

ပွဲချိန်မိနစ် ၃၀ ဝန်းကျင်မှာ ဗင်နီးစီးယက်စ်က ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့ အပိုင်ကန်သွင်းခွင့်ရခဲ့ပေမယ့် ဂိုးတိုင်နဲ့ ထိကာ သွင်းဂိုးအဖြစ် မမြင်တွေ့ခဲ့ရပါဘူး။ ပွဲချိန် ၄၁ မိနစ်မှာတော့ ဗင်နီးစီးယက်စ်က ပြိုင်ဘက်နောက်တန်းရဲ့အမှားကို အခွင့်အရေးအဖြစ်ပြောင်းလဲကာ ရီးရဲလ်မက်ဒရစ်အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။

ပထမပိုင်းပွဲချိန်အတွင်း အယ်လ်အာလီကစားသမားအချို့ရဲ့ အားထုတ်မှုတွေကို ရီးရဲလ်မက်ဒရစ်ဂိုးသမား လူနင် ကာကွယ်နိုင်ခဲ့လို့ ချေပဂိုးတော့ မပေးခဲ့ရပါဘူး။ ဒါကြောင့် ပထမပိုင်းပွဲချိန်အပြီးမှာတော့ ရီးရဲလ်မက်ဒရစ်က ၁-၀ ဂိုးနဲ့ ပွဲကို ဦးဆောင်ထားခဲ့ပါတယ်။ ရီးရဲမက်ဒရစ်ရဲ့ဒုတိယမြောက်ဦးဆောင်ဂိုးကိုတော့ ဒုတိယပိုင်းပွဲချိန်အစပိုင်းမှာပဲ ရိုဒရီဂိုရဲ့ကန်ချက်မှတဆင့် လျှံထွက်လာတဲ့ဘောလုံးကို ဗယ်လ်ဗာဒီက အယ်လ်အာလီနောက်ခံလူတွေကို လှည့်စားကာ သွင်းယူပေးခဲ့ပါတယ်။

ပွဲချိန် ၆၅ မိနစ်မှာ အယ်လ်ရှာဟတ်ကြောင့် ရရှိလာတဲ့ ပယ်နယ်တီကို မာလူးက အကောင်းဆုံးအသုံးချကာ အယ်အာလီအတွက် ချေပဂိုး သွင်းယူခဲ့ပြီး ပွဲဆီပြန်လာနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ကပဲ အနိုင်ရလဒ်ကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားခဲ့ပြီး ပွဲချိန်နှောင်းပိုင်းမှာလည်း ပယ်နယ်တီအခွင့်အရေးရရှိခဲ့ပေမယ့် မိုဒရစ်က အသုံးမချနိုင်ခဲ့လို့ နောက်ထပ်ဦးဆောင်ဂိုး မရရှိခဲ့ပါဘူး။

နာကျင်အချိန်ပိုမှာတော့ ရိုဒရီဂိုနဲ့ အာရီဘတ်စ်တို့က စပိန်ထိပ်သီးကလပ်အတွက် သွင်းဂိုးတွေ ထပ်မံရှာဖွေပေးနိုင်ခဲ့လို့ ပွဲအပြီးမှာ ရီးရဲလ်မက်ဒရစ်က ဂိုးပြတ်နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်ရလဒ်ပိုင်းကြောင့် ရီးရဲလ်မက်ဒရစ်က လာမယ့်တနင်္ဂနွေနေ့၊ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်မှာ ဆော်ဒီကလပ် အယ်လ်ဟီလယ်နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

#ရီးရဲလ်မက်ဒရစ် #ကလပ်ကမ္ဘာ့ဖလား