ရှေ့သို့
Image

တောင်အမေရိက တိုက်ကိုယ်စားပြုနိုင်ငံလေးခုက ၂၀၃၀ ကမ္ဘာ့ဖလားအတွက် ပူးတွဲအိမ်ရှင်အဖြစ် လျှောက်ထား

2:22 PM, 8 February

အာဂျင်တီးနား၊ ချီလီ၊ ပါရာဂွေးနဲ့ ဥရုဂွေးတို့က ၂၀၃၀ ပြည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိရေး မနေ့တုန်းကပဲ တရားဝင်လျှောက်ထားခဲ့ပါတယ်။ ပထမဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၃၀ ပြည့်နှစ်၊ ဥရုဂွေးနိုင်ငံရဲ့မြို့တော်မွန်တီဗီဒီယိုမှာ ကျင်းပခဲ့ပြီးနောက် နှစ်ပေါင်း ၁၀၀ ပြည့်ချိန်မှာကျင်းပမယ့် ပြိုင်ပွဲအတွက် ‘ဘောလုံးမွေးဖွားရာနေရာ’လို့အမည်ပေးကာ အခုလို လျှောက်ထားလာခဲ့ခြင်း ဖြစ်ပါတယ်။

အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့အစည်းအဝေးအတွင်း ၂၀၃၀ ပြည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပလိုတဲ့ နိုင်ငံလေးခုက တာဝန်ရှိသူတွေနဲ့ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒိုမင်းဂွတ်ဇ်တို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲအပြီး ဒိုမင်းဂွတ်ဇ်က ဖီဖာအနေနဲ့ ကမ္ဘာ့ဖလားစတင်ရာနေရာမှာ အခုလိုရာပြည့်ပြိုင်ပွဲကို ကျင်းပခွင့်ပေးဖို့ မျှော်လင့်မိတယ်လို့ ပြောဆိုခဲ့ပါတယ်။

“၂၀၃၀ ပြည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အခြားကမ္ဘာ့ဖလားပြိုင်ပွဲတွေနဲ့ မတူပါဘူး။ ဒီကမ္ဘာ့ဖလားပြိုင်ပွဲဟာ နှစ် ၁၀၀ ပြည့်ပြိုင်ပွဲဖြစ်လို့ ဂုဏ်ပြုမှုတွေနဲ့ ထိုက်တန်လွန်းပါတယ်။ ကြီးကျယ်ခမ်းနားလွန်းတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအစပြုရာနေရာမှာ အခုလိုရာပြည့်ပြိုင်ပွဲတစ်ခုကို ကျင်းပခွင့်ပေးဖို့ ဖီဖာမှာ တာဝန်ရှိတယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်”လို့ ဒိုမင်းဂွတ်ဇ်က ဆိုပါတယ်။

အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ တာပီယာကလည်း “ကမ္ဘာ့ချန်ပီယံတွေအဖြစ် တောင်အမေရိကသားတွေရဲ့ အိမ်မက်ဖြစ်တဲ့ အခုလိုလျှောက်ထားမှုကို ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။ ဒါတွေက ပြိုင်ပွဲ နှစ်တစ်ရာပြည့်မြောက်တာတင်မကဘဲ ကျွန်တော်တို့ရဲ့ ဘောလုံးအပေါ်ချစ်မြတ်နိုးမှုတွေကြောင့် ဖြစ်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

၁၉၃၀ ပြည့်နှစ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဥရုဂွေးနိုင်ငံက လက်ခံကျင်းပခဲ့ပြီးနောက် ၁၉၇၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို အာဂျင်တီးနားနိုင်ငံက လက်ခံကျင်းပခဲ့ပါတယ်။ ချီလီနိုင်ငံကတော့ ၁၉၆၂ ကမ္ဘာ့ဖလားပြိုင်ပွဲအိမ်ရှင်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

ပါရာဂွေးကတော့ ဒီပြိုင်ပွဲကြီးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပပေးခဲ့တာမျိုး မရှိပါဘူး။ အခုလို ၂၀၃၀ ပြည့်နှစ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တောင်အမေရိကကိုယ်စားပြုလျှောက်ထားမှုက စပိန်-ပေါ်တူဂီတို့ ပူးတွဲအိမ်ရှင်အဖြစ် လျှောက်ထားမှုနဲ့ အဓိကယှဉ်ပြိုင်ရဖို့ရှိသလို မော်ရိုကို-ဆော်ဒီ ပူးတွဲအိမ်ရှင်လျှောက်ထားမှုကလည်း ဒီပြေးလမ်းမှာ ပါဝင်လာဖွယ် ရှိပါတယ်။

#အာဂျင်တီးနား #ချီလီ #ပါရာဂွေး