ဖခင်ရဲ့သရုပ်မှန်ကို ဖုန်းကွယ်ပြီး ဘာကာအကယ်ဒမီကို ဝင်ခွင့်ရခဲ့တဲ့ ရော်နယ်ဒင်ဟိုရဲ့သား ဂျာအို
11:35 AM, 8 February
ဘာစီလိုနာနဲ့ ဘရာဇီးဂန္တဝင်ကစားသမားကြီး ရော်နယ်ဒင်ဟိုရဲ့သားဟာ ဇန်နဝါရီလတုန်းက ဘာစီလိုနာရဲ့ ခြေစွမ်းစစ်ဆေးမှု အောင်မြင်ခဲ့ပြီး ဘာစီလိုနာ အကယ်ဒမီကို တက်ရောက်ခွင့် ရရှိခဲ့တယ်လို့ သိရပါတယ်။ ဂျာအိုဒီအက်ဆစ်မိုရဲယာလို့ခေါ်ပြီး ဂျာအိုမန်းဒက်စ်လို့သိကြတဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်ကစားသမားလေးဟာ ဘာစီလိုနာအကယ်ဒမီမှာ တက်ရောက် ပညာသင်ယူနိုင်တော့မှာပဲ ဖြစ်ပါတယ်။
မန်းဒက်စ်ဟာ ဘရာဇီးကလပ် ခရူဇီယိုမှာ ကစားနေတာဖြစ်ပြီး ၂၀၂၂ အတွင်းမှာ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် ဘာစီလိုနာမှာ ခြေစွမ်းစမ်းသပ်ခံနေခဲ့တာ ဖြစ်ပါတယ်။ အီတလီကလာတဲ့ သတင်းတွေအရတော့ မန်ဒက်စ်ဟာ ကနဦးခြေစွမ်းစမ်းသပ်မှုမှာ ကျရှုံးခဲ့ပေမယ့် ဘာစီလိုနာဥက္ကဌ ဂျိုအန်လာပေါ်တာကိုယ်တိုင်က အကယ်ဒမီတာဝန်ရှိသူတွေကို မန်ဒက်စ်ကိုသည်းခံပြီး စောင့်ကြည့်ပေးဖို့ ပြောခဲ့ပါတယ်။ ဘာစီလိုနာရဲ့ အသင်းကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ရော်နယ်ဒင်ဟိုကလည်း အသင်းမှာ ပါဝင်ပက်သက်မှု ပိုမိုများပြားလာပါတယ်။
ရော်နယ်ဒင်ဟိုက သားဖြစ်သူနဲ့ ပတ်သက်လို့ “ဟုတ်ကဲ့ သူအခုကျွန်တော့်ခြေရာ နင်းနေပါပြီ။ ကျွန်တော်ဒီအသင်းနဲ့ ဘယ်တော့မှ ကွဲသွားမှာ မဟုတ်ပါဘူး။ ဘာစီလိုနာက ကျွန်တော့်ဘဝရဲ့ တစ်စိတ်တစ်ပိုင်းပါ။ ဘယ်သွားသွား ကျွန်တော်နဲ့ အတူ ဘာစီလိုနာပါပါတယ်။ ကျွန်တော့်သားကပါ ဘာကာကို ရောက်နေပြီဆိုတော့ ဒီအသင်းနဲ့ပိုပြီးတောင် ပတ်သက်ရတော့မှာပါ”လို့ မာကာသတင်းစာကို ပြောခဲ့ပါတယ်။
ရော်နယ်ဒင်ဟိုဟာ ဘောလုံးသမိုင်းတစ်လျှောက် အကျော်ကြားဆုံး ဘောလုံးကြယ်ပွင့် တစ်ဦးဖြစ်ခဲ့ပြီး ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံနေရာမှာ သူ့လိုကစားဟန်နဲ့ ကစားသမားမျိုး ယနေ့ထက်တိုင် ပေါ်ထွက်လာခြင်း မရှိသေးပါဘူး။ ဘရာဇီးအသင်း ၂၀၀၂ ကမ္ဘာ့ဖလားကိုလည်း ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး ကွာတားဖိုင်နယ်မှာ အင်္ဂလန်အသင်းကို သွင်းယူခဲ့တဲ့ ပြစ်ဒဏ်ဘောကန်ချက်က အထင်ရှားဆုံး ဖြစ်ခဲ့ပါတယ်။
ဘာစီလိုနာမှာတော့ ၂၀၀၃ ကနေ ၂၀၀၈ ထိ ကစားခဲ့တာပါ။ ၂၀၀၅-၀၆ ရာသီမှာ ဘာစီလိုနာက လာလီဂါရော ချန်ပီယံလိဂ်ပါ ရရှိခဲ့ပြီး ဘရာဇီးသားကြီးကလည်း ဘောလွန်းဒီအော်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။