ရှေ့သို့
Image

ဖလာမင်ဂိုကို အနိုင်ယူကာ ကလပ်ကမ္ဘာ့ဖလားဖိုင်နယ်ဆီ တက်ရောက်နိုင်ခဲ့တဲ့ ဆော်ဒီကလပ် အယ်လ်ဟီလယ်

10:30 AM, 8 February

ဒီနေ့မနက်ပိုင်း၊ ကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဆော်ဒီကလပ် အယ်လ်ဟီလယ်က ဘရာဇီးကလပ်ဖလာမင်ဂိုကို ၃-၂ ဂိုးနဲ့ အနိုင်ကစားကာ ဗိုလ်လုပွဲအဆင့်ဆီ တက်ရောက်နိုင်ခဲ့ပါတယ်။

လတ်တလောနှစ်ပိုင်းတွေအတွင်း ဒီပြိုင်ပွဲရဲ့ဗိုလ်လုပွဲအဆင့်တွေဆီ ဥရောပချန်ပီယံကလပ်အသင်းနဲ့ တောင်အမေရိကချန်ပီယံကလပ်အသင်းတွေသာ တက်ရောက်နိုင်ခဲ့ပြီး ဆော်ဒီပြည်တွင်းကလပ်အသင်းတွေကတော့ ဗိုလ်လုပွဲအဆင့်ဆီ တက်ရောက်ထားခြင်း မရှိပါဘူး။ ဒီနေ့မှာတော့ အယ်လ်ဒေါ်စရီရဲ့ ပွဲချိန်အတွင်းပယ်နယ်တီ သွင်းဂိုးနှစ်ဂိုး၊ ဗီယက်တိုရဲ့ လှပတဲ့သွင်းဂိုးတွေနဲ့အတူ အယ်လ်ဟီလယ်က ကလပ်ကမ္ဘာ့ဖလားဖိုင်နယ်အဆင့်ဆီ တက်ရောက်နိုင်ခဲ့ပြီး အစဉ်အလာတွေကို ကျိုးပျက်စေခဲ့ပါတယ်။

ဒါကြောင့် အယ်လ်ဟီလယ်က မနက်ဖြန်(ကြာသပတေးနေ့)မနက်ပိုင်းမှာ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ်ချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ အီဂျစ်ကလပ် အယ်လ်အာလီတို့ပွဲစဉ်မှ အနိုင်ရရှိတဲ့ အသင်းနဲ့ ဖိုင်နယ်အဆင့်မှာ တွေ့ဆုံရမှာဖြစ်ပါတယ်။ ဒီပွဲစဉ်အတွင်း ဘရာဇီးကလပ်ဖလာမင်ဂိုအတွက် သွင်းဂိုးတွေကို တိုက်စစ်မှူးပက်ဒရိုက ရယူပေးခဲ့တာပါ။

ပထမပိုင်းနာကျင်အချိန်ပိုအတွင်း ဖလာမင်ဂိုကွင်းလယ်လူ ဂါဆင် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံရတာကြောင့် ဘရာဇီးကလပ်က လက်ကျန်ပွဲချိန်တွေမှာ ကစားသမား ၁၀ ဦးတည်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။ အခုနှစ်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ကြီးများအလိုက် ချန်ပီယံကလပ် ၈ သင်းက မော်ရိုကိုနိုင်ငံမှာ ယှဉ်ပြိုင်ကစားနေတာပါ။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ကတော့ ၂၀၂၅ ခုနှစ်၊ ဇွန်လမှာ ပြိုင်ပွဲအသင်း ၃၂ သင်းနဲ့ ပုံစံသစ်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပမယ်လို့ ကြေညာထားပါတယ်။

#ဖလာမင်ဂို #အယ်လ်-ဟီလယ် #ကလပ်ကမ္ဘာ့ဖလား