ရှေ့သို့
Image

စွပ်စွဲချက်တွေက မန်စီးတီးရဲ့လိဂ်ချန်ပီယံမျှော်လင့်ချက်အတွက် ခွန်အားဖြစ်စေနိုင်မှုအပေါ် မာတင်ကီအွန် စိုးရိမ်နေ

2:55 PM, 7 February

လတ်တလောကြုံတွေ့နေရတဲ့ ဘဏ္ဍာရေးဆိုင်စည်းမျဉ်းချိုးဖောက်မှုစွဲချက်တွေကို မန်စီးတီးက အခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ထိန်းသိမ်းနိုင်ရေးမျှော်လင့်ချက်အတွက် ခွန်အားအဖြစ် သုံးစွဲလာနိုင်မယ့် အလားအလာအပေါ် အာဆင်နယ်ဂန္တဝင် မာတင်ကီအွန်က စိုးရိမ်နေပါတယ်။

လေးနှစ်ကျော်ကြာစုံစမ်းစစ်ဆေးမှုတစ်ခုအပြီး မန်စီးတီးဟာ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုဆိုင်ရာစွပ်စွဲချက် ၁၀၀ ကျော်နဲ့ ရင်ဆိုင်လာရပြီး လွတ်လပ်တဲ့ကော်မရှင်တစ်ခုရှေ့မှောက်မှာ ကြားနာမှု ပြုလုပ်သွားဖို့ ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးဆိုင်စည်းမျဉ်းစည်းကမ်းတွေကို မန်စီးတီးက ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ချိုးဖောက်ခဲ့တယ်ဆိုတဲ့ တွေ့ရှိချက်တွေအပေါ်အခြေခံပြီး အခုစွပ်စွဲချက်တွေ ပေါ်ပေါက်လာခဲ့တာပါ။

တဖက်မှာတော့ ဂန်းနားတို့က ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို မန်စီးတီးထက် တစ်ပွဲလျော့၊ ၅ မှတ်အသာနဲ့ ဦးဆောင်ထားပြီး ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အမှတ်ပေးချန်ပီယံဆုကို ပြန်လည်ဆွတ်ခူးနိုင်ဖို့ အလားအလာကောင်းနေပါတယ်။

ဒါပေမယ့် ပက်ဂွါဒီယိုလာရဲ့အသင်းက ပရီးမီးယားလိဂ်နောက်ဆုံးငါးရာသီမှာ လေးကြိမ်အထိ ဗိုလ်စွဲထားတဲ့ အတွေ့အကြုံကို ပိုင်ဆိုင်ထားသလို အခုရာသီချန်ပီယံပြေးလမ်းပေါ်မှာလည်း ဆက်ရှိနေပါတယ်။

ဂန်းနားနောက်ခံလူဟောင်းကတော့ မန်စီးတီးအပေါ် စွပ်စွဲချက်တွေဟာ အာတီတာရဲ့အသင်းအတွက် အနုတ်လက္ခဏာဆောင်တဲ့ အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်လာမှာ စိုးရိမ်နေပါတယ်။

talkSPORT နဲ့တွေ့ဆုံချိန် မာတင်ကီအွန်က “ အခုလိုအခြေအနေတွေက မန်စီးတီးကစားသမားတွေအပေါ် လှုံ့ဆော်ပေးနိုင်လိမ့်မယ်ဆိုတာ သေချာပါတယ်။ 

အခုလိုစွပ်စွဲခံရမှုတွေကို ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံးနေရာဆီ ပြန်တက်လှမ်းနိုင်ဖို့ ခွန်အားအဖြစ် အသုံးပြုနိုင်ပါတယ်။ အခုအချိန်မှာ တစ်ကမ္ဘာလုံးက သူတို့နဲ့ဆန့်ကျင်နေတယ်ဆိုတဲ့ ခံစားချက်တစ်ခုရှိနေပြီး ဒီခံစားချက်ရဲ့သက်ရောက်မှုက ကြီးမားလွန်းပါတယ်။ 

မန်စီးတီးကစားသမားတွေအနေနဲ့ ဒီစွဲချက်တွေအပေါ် ပြန်တိုက်ခိုက်ချင်နေမှာဖြစ်ပြီး အခုလိုစွပ်စွဲမှုတွေကို ခွန်အားအဖြစ် အသုံးပြုပါလိမ့်မယ်။

ဒီလိုအမှုတွေကို ကိုင်တွယ်ရာမှာ ကျွမ်းကျင်တဲ့ ကမ္ဘာ့အကောင်းဆုံးရှေ့နေတွေကို မန်စီးတီးက ပိုင်ဆိုင်ထားပြီး အမှန်တရားကို ဖော်ထုတ်ချင်ကြမှာပါ”လို့ ပြောဆိုခဲ့ပါတယ်။

မန်စီးတီးနောက်ခံလူကိုင်လီဝေါ်ကာကလည်း အခုဘောလုံးရာသီမကုန်ဆုံးခင်အထိ အမှတ်ပေးချန်ပီယံဆုပြေးလမ်းမှာ အပြောင်းအလဲတွေ ရှိလာနိုင်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထုတ်ပြောခဲ့ဖူးပါတယ်။

#မန်စီးတီး #မာတင်ကီယွန် #ပရီးမီးယားလိဂ်