ရှေ့သို့
Image

အက်စတွန်ဗီလာမှ ထွက်ခွာဖို့ စိတ်ကူးမရှိတဲ့ ဘရာဇီးကွင်းလယ်လူ ကော်တင်ဟို

1:57 PM, 7 February

တူရကီထိပ်သီးကလပ် ဂါလာတာစာရေးက အက်စတွန်ဗီလာကွင်းလယ်လူကော်တင်ဟိုကို ရာသီကုန်အထိ အငှားနဲ့ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ကစားသမားကတော့ ဗီလာပတ်ခ်မှာပဲ ဆက်ရှိချင်တယ်လို့ သိရပါတယ်။

တူရကီထိပ်သီးကလပ် ဂါလာတာစာရေးဟာ လာမယ့်ဗုဒ္ဓဟူးနေ့၊ ပြည်တွင်းအပြောင်းအရွှေ့ဈေးကွက် မပိတ်သိမ်းခင် ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ အသက်-၃၀ နှစ်အရွယ် ကွင်းလယ်လူကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတာပါ။

ဒါပေမယ့် အင်္ဂလန်မှာဆက်ရှိနေဖို့ ဘရာဇီးပြည်တွင်းဘောလုံးလောကဆီ ပြန်သွားနိုင်မယ့် အခွင့်အလမ်းကို ငြင်းပယ်ဖူးတဲ့ ကော်တင်ဟိုက အခုတစ်ကြိမ်မှာလည်း သူ့ရဲ့ဆန္ဒကို အပြောင်းအလဲလုပ်သွားဖို့ မရှိဘူးလို့ ဗြိတိန်အခြေစိုက် Express & Star သတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။

အက်စတွန်ဗီလာကလည်း ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင် ဒန်နီအင့်စ်ကို ဝက်စ်ဟမ်းဆီ လက်လွှတ်ခဲ့ရပြီးနောက် နောက်ထပ်စီနီယာကစားသမားတစ်ဦးကို ဆုံးရှုံးခံဖို့ တွန့်ဆုတ်နေပါလိမ့်မယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နွေရာသီ၊ ဘာစီလိုနာအသင်းဆီမှ ကော်တင်ဟိုကို ခေါ်ယူခဲ့ချိန် ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၇ သန်းဝန်းကျင် ကမ်းလှမ်းမှုမျိုးရှိလာရင် ဗီလာအကြီးအကဲတွေအနေနဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲဖွယ် ရှိပါတယ်။

ကော်တင်ဟိုက ဗီလာနည်းပြသစ် အူနိုင်းအမ်မရီလက်အောက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ပွဲထွက်ကစားခွင့် မရရှိသေးပေမယ့် လူစားဝင်ကစားသမားအဖြစ် ပွဲကစားချိန်မိနစ်အချို့ ရရှိနေပါတယ်။

တူရကီအမှတ်ပေးချန်ပီယံဆုကို လေးနှစ်ကျော်ဝေးကွာနေတဲ့ ဂါလာတာစာရေးကလည်း အခုဘောလုံးရာသီရဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး ချန်ပီယံဆုကို သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေပါတယ်။

#အက်စတွန်ဗီလာ #ကော်တင်ဟို