ရှေ့သို့
Image

ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ပတ်သက်လို့ အာဆင်နယ်ကို သတိပေးလိုက်တဲ့ ကိုင်လီဝေါ်ကာ

1:09 PM, 6 February

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းမှာ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ ဖြစ်လာနိုင်သေးတယ်လို့ အမှတ်ပေးဇယားဦးဆောင်သူအာဆင်နယ်ဆီ မန်စီးတီးနောက်ခံလူ ကိုင်လီဝေါ်ကာက သတိပေးစကားဆိုလိုက်ပါတယ်။

မနေ့ညပိုင်း၊ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်အဖြစ် တော့တင်ဟမ်ကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီးဟာ စနေနေ့ညပိုင်း၊ အဲဗာတန်ကို အရေးနိမ့်ထားတဲ့ အမှတ်ပေးဇယားဦးဆောင်သူ ဂန်းနားတို့ကို အမှီလိုက်နိုင်ဖို့ အခွင့်အလမ်းကောင်းတစ်ခု လက်လွှတ်ခဲ့ရပါတယ်။ ဒီပွဲစဉ်ရလဒ်ပိုင်းကြောင့် အာဆင်နယ်က မန်စီးတီးထက် တစ်ပွဲလျော့၊ ၅ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ထားပါတယ်။

ဒါပေမယ့် မန်စီးတီးနောက်ခံလူကိုင်လီဝေါ်ကာက ပရီးမီးယားလိဂ်ရာသီမသိမ်းခင် ချန်ပီယံပြေးလမ်းမှာ အလှည့်အပြောင်းတွေ ရှိလာနိုင်သေးတယ်လို့ ပြောဆိုလိုက်ပါတယ်။

တော့တင်ဟမ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး အင်္ဂလန်လက်ရွေးစင်နောက်ခံလူက “မှန်ပါတယ်။ ဒီရှုံးပွဲက အခွင့်အရေးကောင်းတစ်ခုကို လက်လွှတ်ခဲ့ရတာပါ။

ဒီလိုအခြေအနေမျိုးမှာ ရမှတ်ကွာဟမှုကို လျှော့ချနိုင်ရေး အမှတ်တွေ ရှာဖွေဖို့ လိုအပ်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲတွေကစားရဖို့ အများကြီးကျန်နေပါသေးတယ်။

ပရီးမီးယားလိဂ်မှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီးနောက် ဒီလိုအခြေအနေမျိုးမှာ အလှည့်အပြောင်းတွေ ဖြစ်လာနိုင်သေးတယ်ဆိုတာ ကျွန်တော်သိပါတယ်။ 

ကျွန်တော့်အနေနဲ့ အသင်းအကြောင်းကို သိထားသလို ကိုယ့်အသင်းက ဘာတွေလုပ်နိုင်တယ်ဆိုတာကိုလည်း သိပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုအချိန်ကစပြီး ရာသီသိမ်းချိန်အထိ အကောင်းဆုံးကြိုးစားနိုင်ပါပြီ။ ဒါကပဲ ကျွန်တော် တကယ်လုပ်နေရတဲ့ အရာပဲ ဖြစ်ပါတယ်” လို့ ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိဘောလုံးရာသီမှာ မန်စီးတီးအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၂၅ ဂိုးအထိ သွင်းယူပေးထားတဲ့ ဟာလန်းကို အသင်းမှာ ပွဲထွက်ကစားခွင့်မပေးဖို့ အကြံပြုဆွေးနွေးမှုတွေအပေါ် ကိုင်လီဝေါ်ကာက ပယ်ချခဲ့ပါတယ်။

ဝေါ်ကာက “မန်စီးတီးဆီ ဟာလန်းရောက်ရှိလာတာက အစီအစဉ်တကျပါပဲ။ မန်စီးတီးဆိုတာက ဂွါဒီယိုလာလို တောင်းဆိုမှုများပြားတဲ့နည်းပြကြောင့် အသားကျဖို့ ခက်ခဲတဲ့ အသင်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ကစားဟန်က ထူးခြားပါတယ်။

ဟာလန်းရဲ့စွမ်းဆောင်ရည်က လက်ဖျားခါစရာပါ။ သူ ဂိုးတွေသွင်းပြီး အသင်းအနိုင်ရနေချိန်မှာ ဒါမျိုး ဘယ်သူမှ မပြောကြပါဘူး။ 

ရုတ်တရက်ဆိုသလိုပဲ အခုလိုမျိုး အသင်းနိုင်ပွဲမရ၊ ဟာလန်းဂိုးမသွင်းနိုင်တော့တဲ့အချိန်ဆိုရင် ဒါမျိုးတွေ ပြောလာကြပါတယ်။ အချိန်တိုင်း ဒါပဲ ကြားနေရတာပါ။

ဒါပေမယ့် လိဂ်ဂိုး ၂၅ ဂိုး သွင်းယူထားနိုင်ချိန်မှာ သူ့ကို ဘယ်သူမှ အပြစ်မပြောကြပါဘူး။ ဒီအသင်းက ကျွန်တော်တို့ ရာသီကုန်အထိ အတူတိုက်ပွဲဝင်သွားရမယ့်အသင်းဖြစ်လို့ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားမှာပါ”က ပြောပါတယ်။

#မန်စီးတီး #အာဆင်နယ် #ကိုင်လီဝေါ်ကာ