ရှေ့သို့
Image

ဖူလ်ဟမ်နဲ့သရေပွဲကို လာကြည့်ရင်း ပွဲကြည့်စင်ပေါ်မှာ စိတ်ပျက်နေပုံရတဲ့ တော့ဒ်ဘိုလီ

8:36 AM, 4 February

ချဲလ်ဆီးပိုင်ရှင် တော့ဒ်ဘိုလီဟာ ယမန်နေ့ညက ဖူလ်ဟမ်နဲ့ပွဲကို လာကြည့်ရင်း အသင်းရဲ့ကစားပုံအပေါ် စိတ်ပျက်နေခဲ့တာကို ကင်မရာထဲမှာ မြင်တွေ့ခဲ့ရပါတယ်။

အမေရိကန်ဘီလျံနာဟာ ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာတင် ချဲလ်ဆီးရဲ့ အပြောင်းအရွှေ့တွေအတွက် ပေါင် သန်း၆၀၀နီးပါး အသုံးပြုခွင့်ပေးခဲ့ပြီး ဖြစ်ပါတယ်။

ဖူလ်ဟမ်နဲ့ပွဲစဉ်အတွင်း ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရှင် အန်ဇိုဖာနန်ဒက်ဇ်၊ နောက်ထပ် ဈေးကြီးပေးရတဲ့ တောင်ပံလူ မာဒရစ်ခ်တို့ လူစာရင်းထဲ ပါဝင်ကစားခဲ့ပါတယ်။

အန်ဇိုဖာနန်ဒက်ဇ်ကတော့ ချဲလ်ဆီးကွင်းလယ်မှာ ကောင်းကောင်းကြီး ခြေစွမ်းပြနိုင်ခဲ့ပေမယ့် မာဒရစ်ခ်ကတော့ ပထမပိုင်းအတွင်း ခြေစွမ်းမပြနိုင်ခဲ့လို့ ဒုတိယပိုင်းမှာ လူစားလဲခဲ့ရပါတယ်။

ချဲလ်ဆီးမှာ ကစားပုံကောင်းခဲ့တဲ့ကစားသမားတွေဆိုလို့ အန်ဇိုဖာနန်ဒက်ဇ်၊ သီယာဂိုဆေးလ်ဗားနဲ့ ဘာဒီယာရှီလီတို့သာ ရှိခဲ့ပါတယ်။

ဒါကြောင့်လည်း ချဲလ်ဆီးတို့ ဂိုးမရှိသရေသာရခဲ့တာဖြစ်ပြီး အဆင့်၁၀နေရာကနေ တက်မလားစောင့်နေကြတဲ့ ပရိသတ်တွေအတွက်လည်း စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။

တော့ဒ်ဘိုလီကိုယ်တိုင်လည်း အဆိုပါ စွမ်းဆောင်ရည်အပေါ် စိတ်ပျက်လက်ပျက်ရှိနေတာကို ကွင်းအတွင်း ကင်မရာက အမိအရ ရိုက်ပြခဲ့ပါတယ်။

ဒါကလည်း အပြောင်းအရွှေ့နှစ်ခုအတွင်း ငွေကြေးအမြောက်အမြား သုံးစွဲခွင့်ပေးထားတဲ့ သူဌေးတစ်ယောက်အနေနဲ့ ခုလိုအမူအရာမျိုး မြင်ရတာ နားလည်ပေးနိုင်ပါတယ်။

ချဲလ်ဆီးအသင်းအတွက်တော့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက်က သေရေးရှင်ရေးတစ်မျှ အရေးကြီးနေပါတယ်။ 

တကယ်လို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့မယ်ဆိုရင်တော့ လာမယ့်နှစ်ပိုင်းလောက်မှာ FFP ပြဿနာနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သိရပါတယ်။

အဆင့်၄နေရာက ယူနိုက်တက်အသင်းဟာ တစ်ပွဲပိုကစားထားတဲ့ ချဲလ်ဆီးကို ယခုအချိန်မှာ ရမှတ်၉မှတ်အထိ ဖြတ်ထားခဲ့ပါတယ်။

တကယ်လို့ ယူနိုက်တက်သာ ယနေ့ည ပဲလေ့စ်ကို ထပ်နိုင်သွားမယ်ဆိုရင် ၁၂မှတ်အထိ ကွာဟသွားမှာဖြစ်လို့ ချဲလ်ဆီးအတွက်တော့ လက်ကျန်ပွဲတွေကို တော်တော်လေး ရုန်းကစားရဖို့ ရှိနေပါတယ်။


#ချဲလ်ဆီး #တော့ဘိုလီ #ပရီးမီးယားလိဂ်