ရှေ့သို့
Image

ဖူလ်ဟမ်နှင့်ပွဲမှာ အန်ဇိုဖာနန်ဒက်ဇ် ပါဝင်ကစားမလားဆိုတာ ပြောပြလိုက်တဲ့ ပေါ်တာ

10:49 AM, 3 February

သောကြာနေ့ ဖူလ်ဟမ်နှင့်ပွဲမှာ အန်ဇိုဖာနန်ဒက်ဇ်က ပွဲဦးထွက်နိုင်မလားဆိုတာ သူ့အနေနဲ့ မသိသေးပါဘူးလို့ ချဲလ်ဆီးနည်းပြ ပေါ်တာက ပြောဆိုလိုက်ပါတယ်။

အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ဘင်ဖီကာကနေ ပေါင် ၁၀၆ သန်းဖြင့်ပြောင်းရွှေ့လာခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့မှာ ကစားသမားက အင်္ဂလန်သို့ ရောက်လာခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးပရိသတ်တွေကတော့ သူ့ကို ပွဲထွက်စာရင်းမှာထည့်သွင်းကာ ဒဏ်ရာရရှိနေတဲ့ ကိုဗာဆစ်၊ ကန်တီနှင့် ဇာကာရီကာတို့မပါဝင်နိုင်တဲ့ ကွင်းလယ်မှာ ကူညီနိုင်ဖို့ ပေါ်တာကို တောင်းဆိုထားပါတယ်။

ဒါပေမဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ လက်ရှိအနေအထားမှာ ဖာနန်ဒက်ဇ်အနေနဲ့ ကစားဖို့ မသေချာသေးပါဘူးလို့ ပေါ်တာက ဝန်ခံခဲ့သလို အခြေအနေတွေက ပြောင်းလဲသွားနိုင်တဲ့အပေါ် ငြင်းဆိုထားပါတယ်။

ဖာနန်ဒက်ဇ်ရဲ့ ပွဲထွက်နိုင်ခြေရှိတဲ့အပေါ် ပေါ်တာက "ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ၊ ကျွန်တော်တို့က စာရွက်စာတမ်းကိစ္စတွေကို လုပ်ဆောင်နေပြီး ရှင်းရှင်းလင်းလင်းတော့ဖြစ်နေပါပြီ" လို့ ပြောထားပါတယ်။

အပြောင်းအရွှေ့နောက်ဆုံးရက်တွင် ချဲလ်ဆီးအသင်းဟာ ဘင်ဖီကာနှင့် ညဉ့်နက်ပိုင်းအထိ ဆွေးနွေးညှိနှိုင်းခဲ့တာဖြစ်ပြီး စာချုပ်က ပြီးမြောက်သွားသလားဆိုတာ သူမသိခဲ့ပါဘူးလို့ ပေါ်တာက ဝန်ခံခဲ့ပါတယ်။

"ကျွန်တော်က နည်းပြချုပ်ဖြစ်ပြီး အပြောင်းအရွှေ့နောက်ဆုံးရက်ရဲ့ ဆွေးနွေးမှုမှာ မပါဝင်ပါဘူး၊ နောက်တစ်နေ့ရဲ့ လေ့ကျင့်ရေးနဲ့ ဖူလ်ဟမ်နှင့်ပွဲအတွက် ပြင်ဆင်မှုကိုသာ အာရုံစိုက်ထားခဲ့ပါတယ်"

"ထိန်းချုပ်လို့မရတဲ့ အရာတွေရှိတယ်ဆိုတာကို သိရတာ အရမ်းကိုကြာနေပြီဖြစ်ပြီး အဲ့ဒီအရာတွေကို ပြောင်းလဲဖို့ ကျွန်တော် ဘာမှလုပ်လို့မရပါဘူး။ အန်ဇိုက တကယ့်ကစားသမားကောင်းတစ်ဦးဖြစ်ပြီး ဆွေးနွေးမှုက ပြီးသွားပြီဆိုတာကို သိလိုက်ရဲ့အတွက် ဝမ်းသာမိပါတယ်"

"ကျွန်တော့်ရဲ့ စပိန်လိုပြောဆိုမှုနဲ့ သူ့ရဲ့ အင်္ဂလိပ်လို ပြောဆိုမှုက အရမ်းကြီးမကောင်းပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့တွေက ဒီမှာရှိနေကြတာပါ။ သူက အရမ်းကိုထူးချွန်တဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး သူနဲ့အတူ လုပ်နိုင်ဖို့ ကျွန်တော်တို့က စောင့်မျှော်နေပါတယ်" လို့ ပေါ်တာက ပြောပါတယ်။


#ချဲလ်ဆီး #ပေါ်တာ #ဖူလ်ဟမ် #အန်ဇိုဖာနန်ဒက်ဇ်