ရှေ့သို့
Image

ချဲလ်ဆီးရဲ့ကွင်းလယ်အင်ဂျစ်သစ် အန်ဇိုဖာနန်ဒက်ဇ်ရဲ့ အလားအလာကို ဆန်းစစ်ကြည့်ခြင်း

1:20 PM, 1 February

အားလုံးသိကြတဲ့အတိုင်း ချဲလ်ဆီးအသင်းဟာ အန်ဇိုဖာနန်ဒက်ဇ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို၁၂၁သန်းအထိပေးကာ ခေါ်ယူခဲ့ပါတယ်။ အခုကျွန်တော်တို့ ပြောနေတာက အတွေ့အကြုံကောင်းတွေနဲ့ ပွဲတွေအများကြီး ကစားပြီး အကောင်းဆုံးပုံစံရနေတဲ့ကစားသမားအကြောင်းအလား?? အဲ့ဒီလိုတော့မဟုတ်ပါဘူး။ အန်ဇိုဖာနန်ဒက်ဇ်ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကမှ ဘင်ဖီကာကို ယူရို၁၄သန်းနဲ့ ရောက်လာတာဖြစ်ပြီး ဘင်ဖီကာအတွက် လိဂ်ပွဲ ၁၇ပွဲသာ ကစားပေးထားရသေးတဲ့ ကွင်းလယ်လူတစ်ဦးပဲ ဖြစ်ပါတယ်။ ဒီကြားထဲက ၈လလောက်ဟာ ဖာနန်ဒက်ဇ်အတွက် အတက်အကျများခဲ့တဲ့ကာလတွေလို့ ပြောရမှာပါ။

ဖာနန်ဒက်ဇ်ဟာ ပေါ်တူဂီပရီးမီးယားလိဂ်မှာ ၇မှတ်ဖြတ်ဦးဆောင်နေတဲ့ ဘင်ဖီကာအသင်းအတွက် ပွဲတိုင်းလိုလိုပါဝင်ကစားပေးထားတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ သူဟာ ဘင်ဖီကာအသင်း ပီအက်စ်ဂျီ၊ ဂျူဗင်တပ်စ်တို့ကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ်၁၆သင်းအဆင့်ကို ဇယားထိပ်ကနေ တက်ရောက်နိုင်အောင် ကူညီပေးထားတဲ့ ကွင်းလယ်လူတစ်ဦးပဲ ဖြစ်ပါတယ်။

အရေးအကြီးဆုံးအချက်ကိုတော့ မေ့လို့မရပါဘူး။ ဒီလိုစွမ်းဆောင်ရည်ကောင်းတွေနဲ့အတူ အာဂျင်တီးနားကို ကမ္ဘာ့ဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ဖီဖာရဲ့အကောင်းဆုံးလူငယ်ကစားသမားဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးအတွက်တော့ ယခုလို ကြီးမားတဲ့ပြောင်းရွှေ့ကြေးနဲ့ ရောက်လာတဲ့ ကစားသမားထံကနေ ဘာတွေမျှော်လင့်လို့ရနိုင်မလဲ?? နည်းပြပေါ်တာရဲ့အသင်းမှာ ဖာနန်ဒက်ဇ်တစ်ယောက် ဘယ်လိုပုံစံမျိုး အသားကျနိုင်မလဲ??

ရိုးရိုးရှင်းရှင်းပြောရရင် ဖာနန်ဒက်ဇ်ဟာ ဘင်ဖီကာရဲ့ ကွင်းလယ်ဗိုလ်ချုပ်လို့ပြောနိုင်ပြီး ၄-၂-၃-၁ပုံစံမှာ ဘယ်ခြမ်းကွင်းလယ်ခံစစ်မှာ ကစားသူတစ်ဦး ဖြစ်ပါတယ်။ မျက်မြင်အချက်အလက်တွေအရ ဖာနန်ဒက်ဇ်ဟာ ပွဲတစ်ပွဲရဲ့အရှိန်အတက်အကျကို ထိန်းနိုင်သူတစ်ဦးဖြစ်ပြီး မိနစ်၉၀အတွင်း ပျမ်းမျှဘောလုံးပေးပို့မှု ၁၀၉ကြိမ်ပြုလုပ်ထားကာ ပေါ်တူဂီလိဂ်မှာ အများဆုံးပဲဖြစ်တယ်။

ဒီနှစ်ရာသီ ချန်ပီယံလိဂ်မှာ သူ့ရဲ့ဘောလုံးထိချက်တွေကို ကြည့်လိုက်မယ်ဆိုရင် ကွင်းလယ်မှာပဲ ဘယ်လိုပွဲကို ထိန်းကျောင်းနေတယ်ဆိုတာ တွေ့နိုင်ပါတယ်။ ဘင်ဖီကာနည်းပြ ရော်ဂျာရှမစ်ဒ်ဟာ နောက်ခံအစွန်လူတွေကို ရှေ့တက်ကစားစေတတ်သူဖြစ်တာကြောင့် ဖာနန်ဒက်ဇ်တစ်ယောက် ကွင်းလယ်ကနေ တိုက်စစ်ကို ချိတ်ဆက်မှုတွေမှာ အဓိကနေရာယူထားခွင့်ရထားပါတယ်။

ဖာနန်ဒက်ဇ်ဟာ အန္တရာယ်မဖြစ်စေမယ့် ပေးပို့မှုတွေကိုသာ မကြာခဏပြုလုပ်လေ့ရှိသူဖြစ်ပြီး ခံစစ်မှူးတွေနဲ့သာ အပေးအယူပြုလုပ်တတ်သူ ဖြစ်ပေမယ့် သူ့ရဲ့ပေးပို့မှုတွေကပဲ နောက်ခံအစွန်လူတွေ၊ တောင်ပံကစားသမားတွေအတွက် ဘောလုံးလမ်းကြောင်းချပေးသူအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ အောက်တိုဘာလတုန်းက ပီအက်စ်ဂျီနဲ့ပွဲမှာ ကြည့်လိုက်ရင် သူရဲ့ ဘောလုံးပေးပို့မှု ၅၃ကြိမ်မှာ ၉၀.၆%က အောင်မြင်ခဲ့တာကို တွေ့နိုင်ပါတယ်။

ဖာနန်ဒက်ဇ်ဟာ ဘောလုံးကိုင်ပြီးကစားတတ်တဲ့အသင်းတွေမှာဆိုရင် ခြေစွမ်းပြနိုင်တဲ့သူတစ်ဦးဖြစ်ပြီး ဘင်ဖီကာအသင်းရဲ့ တစ်ပွဲပျမ်းမျှ ဘောလုံးပိုင်ဆိုင်မှု ၆၆%က အခြားပေါ်တူဂီကလပ်တွေထက် သာလွန်နေခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဆိုကလည်း ဘောလုံးကိုင်ပြီး တိုက်စစ်ကို ထိုးဖောက်တတ်တဲ့အသင်း ဖြစ်တာကြောင့် အာဂျင်တိုင်းသားအနေနဲ့ အသင်းသစ်မှာအသားကျဖို့ အချိန်အနည်းငယ်ပဲယူရပါလိမ့်မယ်။

တိုက်စစ်လိုက်ပါမှုက သူ့ရဲ့ အဓိကအားသာချက်မဟုတ်ပေမယ့် ဖာနန်ဒက်ဇ်ဟာ ယခုနှစ်ရာသီ ဘင်ဖီကာအသင်းအတွက် ဂိုးဖန်တီးမှု ၅ကြိမ်အထိ ပြုလုပ်ထားပါတယ်။ ဘယ်တောင်ပံကနေ ဝိုက်ဘော၊ ဖြတ်တင်ဘောတွေပေးတာက သူ့ရဲ့ Trademarkတစ်ခုပါပဲ။ CD ဆန်တာကလာရာမှာဆိုရင် ဘယ်နောက်ခံလူ ဂရီမယ်ဒိုထံကနေ ဘောလုံးလက်ခံရယူပြီး တောင်ပံလူ အော်စ်နက်စ်ဆီ တိုက်ရိုက် ဘောလုံးပေးပို့တတ်သူတစ်ဦးဖြစ်ပါတယ်။

အရေးအကြီးဆုံးက အဆိုပါဖြတ်တင်ဘောတွေဟာ ထောင့်ကန်ဘောကို လူပေးပြီး ကန်တင်မှုတွေကနေ လာပါတယ်။ ဖာနန်ဒက်ဇ်ဟာ ယခုနှစ်ရာသီ လိဂ်မှာ ထောင့်ကန်ဘော ၄၁ကြိမ် ကန်ထားပြီး ဒေးဗစ်နီရက်စ်နဲ့အတူ အများဆုံးပဲ ဖြစ်ပေမယ့် ၁၄ကြိမ်ကိုသာ ထောင့်ကန်ဘောကနေ တိုက်ရိုက်တင်ခဲ့တာဖြစ်ပြီး အခြား ၂၇ ကြိမ်ကတော့ လူပေးလိုက်တာ ဖြစ်ပါတယ်။

ထောင့်ကန်ဘောကို လူူပေးလိုက်ချိန် ဖာနန်ဒက်ဇ်ဟာ အတွင်းကျကျဖြတ်တင်ဘောမျိုး ပိုပြီးပြုလုပ်တာကို မြင်ရပါတယ်။ အောက်တိုဘာလက ဂျူဗင်တပ်စ်နဲ့ ချန်ပီယံလိဂ်ပွဲမှာဆိုရင် ဖာနန်ဒက်ဇ်တစ်ယောက် ဒီလိုအနေအထားကနေ ဘင်ဖီကာအတွက် အဖွင့်ဂိုးကို ဖန်တီးပေးခဲ့တာ တွေ့ရပါတယ်။ အလားတူ ဂီလ်ဗီဆန်တီအသင်းနဲ့ပွဲမှာဆိုရင်လည်း တိုက်စစ်မှူး ဂွန်ကာလိုရာမို့စ်ကို ဒီလိုနည်းနဲ့ပဲ ဖန်တီးပေးခဲ့တာ တွေ့ရမှာပါ။

ဒါပေမယ့် ဖာနန်ဒက်ဇ်တစ်ယောက် ဂိုးဖန်တီးမှုတွေ ပြုလုပ်နေချိန်မှာပဲ တိုက်စစ်စတင်ချိန် ပါဝင်ပတ်သက်မှုကလည်း တော်တော်လေးကောင်းပါတယ်။ ဘယ်သူတွေနဲ့တူလဲဆိုရင် လီဗာပူးက သီယာဂို၊ မန်စီးတီးက ရိုဒရီတို့လိုပါပဲ။ ဖာနန်ဒက်ဇ်ဟာ တိုက်စစ်အတွက် နောက်ဆုံးပေးပို့မှုမျိုးမှာ အမြဲပါဝင်နိုင်သူမဟုတ်ပေမယ့် တိုက်စစ်လမ်းကြောင်းစချိန်မှာ သူ့ရဲ့ခြေရာတွေကို ပရိသတ်တွေမြင်တွေ့နိုင်မှာပါ။

ဖန်တီးမှုပိုင်အရကြည့်မယ်ဆိုရင် ချဲလ်ဆီးအသင်းဟာ တိုက်စစ်ပိုင်းပိုအားကောင်းစေဖို့ ကွင်းလယ်ရဲ့ ပူးပေါင်းမှုကို အပူတပြင်းလိုအပ်နေတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ ကွင်းလယ်မှာ ကိုဗာဆစ်၊ မေဆင်မောင့်၊ ဂယ်လာဟာ၊ ဟော၊ ဇာခါရီယာ၊ ကန်တီတို့လို ကစားသမားမျိုးတွေရှိနေလို့ စာရွက်ထဲမှာ တောင့်တင်းပေမယ့် တကယ်တမ်းမှာတော့ ဒဏ်ရာရပြဿနာတွေ၊ တစ်ဦးချင်းအားနည်းချင်များနေတာတွေက နည်းပြ ပေါ်တာအတွက် ပြဿနာတစ်ရပ် ဖြစ်စေပါတယ်။

ကိုဗာဆစ်ရဲ့ ဘောလုံးနဲ့အတူ ဆွဲပြေးနိုင်မှုစွမ်းရည်က တော်တော်လေးမြင့်မားပေမယ့် ဘောလုံးပေးပို့နိုင်မှုကတော့ အကန့်အသတ်နဲ့သာ ရှိသလို ဘောလုံးပေးနိုင်တဲ့ ဂျော်ဂျင်ဟိုကလည်း အာဆင်နယ်ကို ပြောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ဂယ်လာဟာကလည်း တိုက်စစ်လိုက်ပါတာ ကောင်းပေမယ့် ဂျော်ဂျင်ဟိုလို ဖန်တီးနိုင်မှုစွမ်းရည် အားနည်းပြီး ပေါ်တာတစ်ယောက် ၁၈နှစ်သားလေး ဟောကို ဘယ်သန်ကွင်းလယ်လူတစ်ဦးအဖြစ် အသုံးပြုနေရပါတယ်။

ချဲလ်ဆီးအသင်းရဲ့ မိနစ်၉၀ပျမ်းမျှ ၁.၁ဂိုးသာ သွင်းနိုင်မှုက ယခုနှစ်ရာသီ ပရီးမီးယားလိဂ်မှာဆိုရင် အဆင့်၁၁နေရာကို ရောက်နေပြီး ပေါ်တာကလည်း ခံစစ်ကနေ တိုက်စစ်ကူးပြောင်းမှုကို အဆင်ပြေစေဖို့ ယခုအချိန်ထိ ညွှန်ကြားနိုင်ခြင်း မရှိသေးပါဘူး။ ပေါ်တာတစ်ယောက် လူစာရင်းရွေးချယ်မှုမှာ ဘယ်လောက်ထိ ရွေးရခက်နေသလဲဆိုတာ ပရီးမီးယားလိဂ် ၁၄ပွဲမှာ လူအပြောင်းအလဲ ၆၁ကြိမ်အထိ ပြုလုပ်ထားတယ်ဆိုတဲ့အချက်က သက်သေပြနေပါတယ်။

ဂျော်ဂျင်ဟို(ဘောလုံးပေးသူ)၊ ကိုဗာဆစ်(တစ်ဦးချင်းကျော်ဖြတ်သူ)၊ ဂယ်လာဟာ (ခံစစ်အားသန်) သူတို့၃ယောက်ကသာ ချဲလ်ဆီးကွင်းလယ်အတွက် အသက်ဆိုရင် ဖာနန်ဒက်ဇ်က အဆိုပါ၃နေရာထဲက ကြိုက်တဲ့နေရာမှာ ဝင်ကစားနိုင်ပါတယ်။

ဖာနန်ဒက်ဇ်ရဲ့ အားသာချက်တစ်ခုက ပုံမှန်ကွင်းလယ်နေရာကနေ နောက်ဆင်းပြီး ခံစစ်၄ယောက်တန်းရှေ့မှာ နေရာယူကာ ဘောလုံးလက်ခံရယူပြီး လွတ်နေတဲ့ နောက်ခံအစွန်လူ ဒါမှမဟုတ် တောင်ပံလူတွေကို ချပေးတတ်သူဖြစ်တာကြောင့် မာဒရစ်ခ်အတွက် ပွဲတော်တည်ထားသလို ဖြစ်နေမှာပါပဲ။

အလာတူး ဖာနန်ဒက်ဇ်ဟာ ချဲလ်ဆီးအသင်းရဲ့ ဗဟိုတိုက်စစ်ပိုင်းထိုးဖောက်မှုမှာ အားနည်းနေမှုအပေါ် အဖြေရှာနိုင်သူတစ်ဦး ဖြစ်လာနိုင်ပါတယ်။ ပရီးမီးယားလိဂ်မှာ ဘောလုံးပေးပို့မှု တတိယအများဆုံးအသင်း ဖြစ်နေပေမယ့် Through Ballsနဲ့ Switched Passesတွေမှာတော့ အဆင့်၁၁နေရာမှာသာ ရပ်တည်ထားနိုင်ခဲ့ပြီး တောင်ပံတွေကို ဘောလုံးဖြန့်ဝေမှုအကောင်းဆုံးကစားသမားတွေအဖြစ် ကူလီဘာလေနဲ့ သီယာဂိုဆေးလ်ဗားတို့သာ ရှိနေပါတယ်။

ဖာနန်ဒက်ဇ်ရဲ့ တန်ကြေးဟာ ကမ္ဘာ့ဖလားဗိုလ်စွဲခဲ့ပြီးမှ ထိုးတက်လာတယ်ဆိုတာ ငြင်းမရနိုင်တဲ့အချက်ပဲ ဖြစ်ပါတယ်။ ၂၀၂၂ခုနှစ် စက်တင်ဘာလကမှ နိုင်ငံအတွက်စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ ဖာနန်ဒက်ဇ်ဟာ ကာတာမှာတော့ အာဂျင်တီးနားအတွက် ရှုံးထွက်ပွဲစဉ်တွေကနေစတင်ကာ ပွဲတိုင်းပါဝင်ကစားခဲ့ပြီး စကာလိုနီရဲ့ ယုံကြည်မှုကို ရရှိခဲ့ပါတယ်။

မကြာခဏ ပြောင်းနေတဲ့ စကာလိုနီရဲ့ ကစားကွက်ထဲ အန်ဇိုဖာန်ဒက်ဇ်ဟာ မက်အယ်လစ္စတာ၊ ဒီပေါလ်တို့ရဲ့နောက် ကွင်းလယ်အထိုင်နေရာမှာသာ အမြဲတမ်းရှိနေခဲ့ပါတယ်။ နယ်သာလန်နဲ့ပွဲမှာဆိုရင် ၃-၅-၂ကစားကွက်ထဲ ဖာနန်ဒက်ဇ်ပါဝင်ကစားနေခဲ့သလို ပြင်သစ်နဲ့ပွဲမှာလည်း ၄-၃-၃ ကစားကွက်မှာ ကွင်းလယ်အထိုင်နေရာ ဖာနန်ဒက်ဇ်ကိုပဲ မြင်ရပါတယ်။

အာဂျင်တီးနားအပေါ် ဖာနန်ဒက်ဇ်ရဲ့ သက်ရောက်မှုကလည်း ကြီးမားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျောက် ဘောလုံးထိချက်အများဆုံးနဲ့ ဘောလုံးပေးပို့မှုအအောင်မြင်ဆုံးကစားသမားက သူပဲ ဖြစ်ပါတယ်။ ဒီမာရီယာက တစ်ချိန်လုံး ပြင်သစ်ညာနောက်ခံလူ ကွန်ဒီကို ဖိအားပေးနိုင်ခဲ့တာက ကွင်းလယ်ကနေ ထောက်ပံ့မှုကောင်းကောင်းရနေလို့ပါပဲ။

ပေါ်တာက သူ့ရဲ့ကစားသမားတွေကို ဂရုတစိုက်နဲ့ ဘောလုံးပေးတာ ကြိုက်နှစ်သက်သူတစ်ဦး ဖြစ်တဲ့အခြေအနေမှာ ဖာနန်ဒက်ဇ်ရဲ့ အဝေးဘောကောင်းကောင်းပေးပို့နိုင်မှုက ဒီနေရာနဲ့ ကွက်တိပါပဲ။ ဘန်ချီဝဲလ်နဲ့ ရီစီဂျိမ်းစ်တို့သာ ဒဏ်ရာကပြန်လာပြီဆိုရင် အာဂျင်တိုင်းသားရဲ့ Diagonal Passတွေကို တစ်ဖန်ပြန်လည် မြင်တွေ့ရနိုင်ပါတယ်။

ဘောလုံးမကိုင်ထားချိန်မှာလည်း ဖာနန်ဒက်ဇ်ဟာ ကောင်းကောင်းဖျက်ထုတ်နိုင်သူတစ်ဦးဖြစ်ပြီး ဒါကလည်း ပေါ်တာရဲ့ ကွင်းလယ်လူတွေကို High Press ပုံစံနဲ့ ကိုက်ညီနေပါတယ်။ ကမ္ဘာ့ဖလားမှာဆိုရင် ဖာနန်ဒက်ဇ်ရဲ့ ဘောလုံးဖျက်ထုတ်နိုင်မှု ၁ဝကြိမ်က ၂၀၀၆ခုနှစ်နောက်ပိုင်း အများဆုံးလည်း ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ဖာနန်ဒက်ဇ်ရဲ့ ချိန်သားကိုက် ပေးပို့နိုင်မှုနဲ့ ဖျက်ထုတ်မှု စွမ်းရည်ကတော့ တိုးတက်ဖို့ လိုအပ်နေပါသေးတယ်။ ဒီလိုမျိုး ဈေးကြီးပေးပြီး ဝယ်ထားတာနဲ့အတူ လူငယ်လေးဟာ ၂၂နှစ်သာရှိသေးတာကြောင့် သင်ယူစရာတွေရှိနေပါသေးတယ်။ သူ့ရဲ့ တိုက်စစ်လိုက်ပါနိုင်မှုနဲ့အတူ ကစားသမားဘဝမှာ ခံစစ်ပိုင်းအသိအမြင်တွေအတွက် လိုအပ်ချက်တွေတော့ရှိနေပါတယ်။ ပရီးမီးယားလိဂ်လို ကြံ့ခိုင်မှုပိုင်းတောင်းဆိုမှုမြင့်မားတဲ့ပြိုင်ပွဲကြီးတစ်ခုမှာ ဖာနန်ဒက်ဇ်တစ်ယောက် ဘယ်လိုအသားကျအောင်ကစားမယ်ဆိုတာ စောင့်ကြည့်ရမယ့်အရာတစ်ခုပဲ ဖြစ်ပါတယ်။

ပေါ်တာက အသင်းကို သက်ကြီးကစားသမားအများအပြားနဲ့ တည်ဆောက်နေရချိန် ဖာနန်ဒက်ဇ် အသင်းကို ပေးနိုင်တာကတော့ ငယ်ရွယ်နုပျိုမှုပါပဲ။ ချဲလ်ဆီးကွင်းလယ်က ဒဏ်ရာတွေများနေတဲ့ ကန်တီ၊ အာဆင်နယ်ပြောင်းသွားတဲ့ ဂျော်ဂျင်ဟို၊ ရေတိုဖြေရှင်းချက် ဇာခါရီယာတို့ကတော့ ချဲလ်ဆီးရဲ့ အနာဂတ်တွေမဟုတ်တာ သေချာပါတယ်။

ချဲလ်ဆီးအသင်းကတော့ အကောင်းဆုံးရာသီတွေကို ဖြတ်သန်းဖို့ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားပြီး လာမယ့် ၈နှစ်၊ ၁၀နှစ်လောက်ကို ကွင်းလယ်ဗိုလ်ချုပ်လုပ်နိုင်မယ့် လူငယ်လေးကို ငွေပုံပေးပြီး ရင်းနှီးခဲ့တာပါ။ ဒါဆို ဒီလိုငွေပုံပေးလိုက်တာကရော တန်ရဲ့လား? Transfermarktရဲ့အဆိုအရ ဖာနန်ဒက်ဇ်ရဲ့ ပြောင်းရွှေ့ကြေးက ပေါင်၄၉သန်းဝန်းကျင်သာရှိပြီး အခု ချဲလ်ဆီးပေးလိုက်ရတဲ့ ပြောင်းရွှေ့ကြေးထက် များစွာလေ့ျာ့နည်းနေတာကို တွေ့ရပါတယ်။

အာဂျင်တိုင်းသာက အရည်အချင်းပြည့်ဝသူတစ်ဦးဆိုတာ ငြင်းမရတာကြောင့် ထိပ်တန်းအဆင့်မှာ ပွဲအနည်းငယ်သာ ကစားခဲ့ရတာကလည်း ချဲလ်ဆီးအတွက် ယခုလိုအပြောင်းအရွှေ့က စွန့်စားရာကျပါတယ်။ ဒါပေမယ့် ချဲလ်ဆီးအသင်းက ကမ္ဘာ့ဖလားနဲ့အတူ နိုင်ငံတကာအတွေ့အကြုံများလာပြီး ချန်ပီယံလိဂ်ကစားဖူးတဲ့ လူငယ်ကွင်းလယ်လူတစ်ဦးအတွက် ရင်းနှီးတာကတော့ ဘယ်တော့မှဈေးသက်သာမှာမဟုတ်ပါဘူး။ ပေါ်တာကလည်း ပွဲအရှိန်အတက်အကျကို ထိန်းနိုင်ပြီး တိုက်စစ်တည်ဆောက်ဖို့ အဓိကကျသူတစ်ဦးကို မဖြစ်မနေလိုအပ်နေခဲ့တာပါ။ 

ဘာပဲပြောပြော ချဲလ်ဆီးတာဝန်ရှိသူတွေကတော့ ဖာနန်ဒက်ဇ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးပေးပြီး စတန်းဖို့ဒ်ဘရစ်ထံခေါ်လာခဲ့ပြီးပါပြီ။ ဒါကြောင့် ပေါ်တာတစ်ယောက် ဒီလို ဈေးကြီးပေးခေါ်ထားရတဲ့ ကစားသမားတွေကို အသင်းမှာအံဝင်အောင် အသုံးပြုဖို့ပဲ ကျန်ပါတော့တယ်။ သေချာတာကတော့ မကြာခင်မှာပဲ ဖာနန်ဒက်ဇ်က ပေါ်တာရဲ့အစီအစဉ်တွေထဲမှာ အဓိကကျသူတစ်ဦးဖြစ်လာမယ်ဆိုတာပါပဲ…….

#အယ်ဒီတာအကြိုက် #ချဲလ်ဆီး #ဆောင်းပါးများ #ပရီးမီးယားလိဂ် #အန်ဇိုဖာနန်ဒက်ဇ်