ရှေ့သို့
Image

ဇန်နဝါရီအပြောင်းအရွှေ့ကာလမပိတ်သိမ်းခင် ချဲလ်ဆီးမှ ပီအက်စ်ဂျီဆီ ပြောင်းရွှေ့ဖွယ်ရှိတဲ့ ဇီယက်ချ်

2:25 PM, 31 January

အခုဆောင်းရာသီအပြောင်းအရွှေ့ကာလ မပိတ်သိမ်းခင် ချဲလ်ဆီး တောင်ပံကစားသမား ဇီယက်ချ်က အသင်းမှ ထွက်ခွာကာ ပီအက်စ်ဂျီဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။

အခုလအတွင်း ကစားသမားအပြောင်းအရွှေ့အတွက် ငွေကြေးပမာဏအမြောက်အများသုံးစွဲထားတဲ့ ချဲလ်ဆီးဟာ ဘင်ဖီကာကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ကိုခေါ်ယူနိုင်ဖို့ ကြီးမားတဲ့ ငွေကြေးပမာဏတစ်ရပ်ကို သုံးစွဲဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။ ဘင်ဖီကာကွင်းလယ်လူဟာ ပေါ်တူဂီမြေဆီ ပြောင်းရွှေ့ကြေး ယူရို ၁၀ သန်းနဲ့ ရောက်ရှိလာပြီးနောက် ၆ လအကြာမှာပဲ လန်ဒန်မြို့ဆီ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်းနဲ့ ဆက်လက်ထွက်ခွာလာဖွယ် ရှိနေပါတယ်။

ချဲလ်ဆီးက ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားသစ် ၇ ဦးအထိ အင်အားဖြည့်တင်းခဲ့ရာ ဒီကစားသမားတွေအနက် မာဒရစ်ခ်၊ မာဒူကီနဲ့ ဂျာအိုဖီးလစ်တို့လို တိုက်စစ်မှူးတွေလည်း ပါဝင်လာပါတယ်။ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ ရုန်းကန်နေရတဲ့ ချဲလ်ဆီးတို့က အခုလိုအင်အားဖြည့်တင်းဖို့ ဆုံးဖြတ်ခဲ့ပေမယ့် အသင်းရဲ့တိုက်စစ်ပိုင်းမှာ ကစားသမားအများအပြားရှိလာခဲ့လို့ အနည်းဆုံးတစ်ဦးကတော့ အသင်းမှ ထွက်ခွာရမယ်လို့ အဓိပ္ပါယ်သက်ရောက်စေခဲ့ပါတယ်။

ပြင်သစ်နာမည်ကြီးသတင်းဌာန L`Equipe အဆိုအရ ချဲလ်ဆီးမှ ထွက်ခွာဖွယ်ရှိတဲ့ တိုက်စစ်မှူးဟာ ဇီယက်ချ်လို့ သိရပြီး မော်ရိုကိုလက်ရွေးစင်ရဲ့ ပဲရစ်ခရီးစဉ်အတွက် ဆွေးနွေးမှုတွေက နောက်ဆုံးအဆင့်ဆီ ရောက်ရှိနေပြီလို့ သိရပါတယ်။ အေဂျက်စ်ကစားသမားဟောင်းကို ခေါ်ယူဖို့ အေစီမီလန်၊ ရိုးမားတို့ကလည်း စိတ်ဝင်စားနေကြရာ လီဂူးဝမ်းလက်ရှိချန်ပီယံတို့က လက်ဦးမှုရရှိနိုင်ရေး ကနဦးရာသီကုန်အငှားစာချုပ်နဲ့ ခေါ်ယူသွားမယ်လို့ မျှော်လင့်ရပါတယ်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုအသင်းနဲ့ အတူ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့တဲ့ ဇီယက်ချ်က ပေါ်တာရဲ့အသင်းမှာတော့ ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်နေရပါတယ်။ သူက လက်ရှိဘောလုံးရာသီမှာ အနောက်လန်ဒန်ကလပ်အတွက် လေးပွဲသာ ပွဲထွက်ကစားခွင့် ရရှိထားပါတယ်။

#ချဲလ်ဆီး #အပြောင်းအရွှေ့ #ဇီယက်ချ်