ရှေ့သို့
Image

ပယ်လီစထရီနဲ့ အီလန်ဂါရဲ့အနာဂတ်ကို ယနေ့အပြီးဆုံးဖြတ်သွားမယ့် ယူနိုက်တက်

1:34 PM, 31 January

မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့ လူငယ်တောင်ပံကစားသမား နှစ်ယောက်ဖြစ်တဲ့ အန်တိုနီအီလန်ဂါနဲ့ ဖာကွန်ဒိုပယ်လီစထရီတို့ရဲ့ နှစ်ယောက်ရဲ့ အနာဂတ်ကို ယနေ့အပြီး ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။

နည်းပြအဲရစ်တန်ဟတ်အနေနဲ့ ဆွီဒင်သား အီလန်ဂါနဲ့ ဥရုဂွေးသား ပယ်လီစထရီတို့ကို ပွဲကစားချိန်ပိုမို ရရှိစေဖို့ အငှားစေလွှတ်ရမလား မလွှတ်ရဘူးလားဆိုတာ ဆုံးဖြတ်ရခက်နေတာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ချရမယ့် ယူနိုက်တက်ခေါင်းဆောင်တွေအနေနဲ့တော့ အင်္ဂါနေ့(ယနေ့)မှာ အီလန်ဂါရော၊ ပယ်လီစထရီနဲ့ရော တွေ့ဆုံပြီး အငှားထွက်မထွက်ဆိုတာကို တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

အီလန်ဂါကတော့ နည်းပြဟောင်း ရာ့ဖ်ရန်နစ်လက်ထက်မှာ ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့် လက်ရှိနည်းပြတန်ဟတ် လက်အောက်မှာတော့ ပွဲထွက်ခွင့်ရရှိဖို့  ရုန်းကန်နေရတာကြောင့် အိုးလ်ထရက်ဖို့ဒ်ကနေ ယာယီထွက်ခွာဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။ ပီအက်စ်ဗွီ၊ ဒေါ့မွန်နဲ့ အဲဗာတန်အပါအဝင် အခြားပရီးမီးယားလိဂ်ကလပ် ၅ သင်းလောက်က အီလန်ဂါကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

အသက် ၂၀ အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့နှစ်ရာသီလောက် ခြေစွမ်းပြနိုင်ခဲ့ပေမယ့် မကြာသေးမီကမှ ပိုကောင်းတဲ့ ခြေစွမ်းတွေနဲ့ တောက်ပလာတဲ့ လူငယ်ကစားသမား အလီဂျန်ဒရိုဂါနာချို အသင်းကြီးကို ရောက်ရှိလာခဲ့ပြီးနောက်မှာတော့ ပွဲထွက်ခွင့် အကန့်အသတ် ရှိလာခဲ့ပါတယ်။ အီလန်ဂါက ယူနိုက်တက်ကနေ ပြောင်းရွှေ့ဖို့ မကြာခဏ သတင်းထွက်လေ့ရှိသူဖြစ်ပေမယ့် ယူနိုက်တက်ရဲ့ ပွဲကျပ်တွေက အီလန်ဂါကို ထွက်ခွာခွင့်ပေးဖို့ အခက်အခဲရှိနေပါတယ်။

ဥရုဂွေးသား ပယ်လီစထရီကတော့ မကြာသေးမီက ပြသခဲ့တဲ့ ခြေစွမ်းကောင်းတစ်ချို့ကြောင့် နည်းပြတန်ဟတ်အနေနဲနဲ့ ပယ်လီစထရီကို အသင်းမှာ ဆက်ထိန်းထားဖို့များပါတယ်။ ပယ်လီစထရီဟာ ၂၀၂၀ ကတည်းက ယူနိုက်တက်ကို ရောက်ရှိခဲ့တာဖြစ်ပေမယ့်လည်း ပထမအသင်းနဲ့ ပွဲဦးထွက်ကိုတော့ မကြာသေးမီကမှ ကစားခဲ့တဲ့ ချာလ်တန်ကို အနိုင်ရတဲ့ လိဂ်ဖလားပွဲစဉ်မှာ ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။

၂၁ နှစ်အရွယ် ကစားသမားဟာ အရင်ကလည်း အလာဗက်စ်အသင်းကို အငှား ၂ ကြိမ်ထွက် ကစားဖူးပြီး လက်ရှိမှာတော့ ယူနိုက်တက် ပထမအသင်းမှာ နေရာရအောင် ကြိုးစားဖို့ကို ပိုပြီးစိတ်အား ထက်သန်နေပါတယ်။ ယူနိုက်တက်ဟာ နောက်ထပ်လူငယ်ကြယ်ပွင့် တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ချာလီမက်နေးလ်ကို နယူးပို့ထ်ကောင်တီ၊ ခံစစ်ကစားသမား ဒီရှောင်းဘားနက်ကို ပို့စ်မောက်အသင်းတွေဆီ အငှားချခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပယ်လီစထရီ #တန်ဟတ် #ပရီးမီးယားလိဂ်