ရှေ့သို့
Image

ကြီးမားတဲ့ စိန်ခေါ်မှုတွေ လိုချင်လို့ နယူးကာဆယ်ကို ပြောင်းတာပါလို့ ဖွင့်ဟလာတဲ့ ဂေါ်ဒွန်

3:00 PM, 30 January

နယူးကာဆယ်အသင်း ကစားသမားသစ် အန်တိုနီဂေါ်ဒွန်ကတော့ အဲဗာတန်ကနေ ပေါင်သန်း ၄၀ နဲ့ ပြောင်းရွှေ့လာတာဟာ ပိုမိုကြီးမားတဲ့ စိန်ခေါ်မှုအသစ်တွေ လိုချင်တာကြောင့် ဖြစ်ကြောင်း ပြောခဲ့ပေမယ့် ငယ်ဘဝကလပ်အပေါ်မှာ လေးစားမှုကင်းမဲ့တာမျိုး မဟုတ်ပဲ သူ့ကိုရောင်းချရငွေနဲ့ ပရီးမီးယားလိဂ်မှာ ဆက်နေနိုင်အောင် ကူညီပေးနိုင်ဖို့ မျှော်လင့်ကြောင်းပြောခဲ့ပါတယ်။

တိုက်စစ်ကစားသမားလေးဟာ တနင်္ဂနွေနေ့ကပဲ ၂၁ နှစ်အရွယ် ရွယ်တူကစားသမားဖြစ်တဲ့ ဝက်စ်ဟမ်း ညာနောက်ခံလူ ဟယ်ရီဆင်အက်ရှ်ဘီနဲ့အတူ နယူးကာဆယ်ကစားသမားအဖြစ် တရားဝင် မိတ်ဆက်ခဲ့ပါတယ်။ တစ်ဖက်မှာတော့ နယူးကာဆယ်ရဲ့ ကာလရှည်ကစားသမား တစ်ယောက်ဖြစ်တဲ့ ဂျွန်ဂျိုရှယ်လ်ဗေးကတော့ နော်တင်ဟမ်ဖောရက်စ်ကို အပြီးသတ်ပြောင်းရွှေ့သွားခဲ့ပါတယ်။

ဒါပေမယ့် ဂေါ်ဒွန်ရဲ့ အပြောင်းအရွှေ့မှာတော့ အဲဗာတန်က မထွက်ခွာမီ ပြီးခဲ့တဲ့အပတ်က အဲဗာတန်ရဲ့ ထရိန်နင်တွေကို ပျက်ကွက်ခဲ့တာကြောင့် ဝေဖန်ချင်စရာဖြစ်ခဲ့ပါတယ်။

ဂေါ်ဒွန်ကတော့ “ခက်ခဲတဲ့ ဆုံးဖြတ်ချက်ပါပဲ၊ ကျွန်တော့်အတွက် အခက်ခဲဆုံး ရက်သတ္တပတ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ကစားသမားဘ၀ တစ်လျှောက်လုံး အဲဗာတန်မှာပဲ ရှိခဲ့တာပါ အဲ့ဒါကြောင့်လည်း ပိုဆုံးဖြတ်ရခက်ခဲ့ပါတယ်။ ဒါပေမယ့် ဒါကလည်း အခွင့်အရေးကောင်းတစ်ခုဖြစ်နေတာကြောင့် အဆုံးရှုံးမခံနိုင်ပါဘူး။ အဲဗာတန်က ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ မလေးမစားလုပ်တာ မဟုတ်ပါဘူး။ အခုကျွန်တော့် အပြောင်းအရွှေ့ကနေရမယ့် ငွေကြေးတွေနဲ့ ပရီးမီးယားလိဂ်မှာ ဆက်နေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော့်အတွက် ပိုက်ဆံအများကြီးရခဲ့မှာပါ။ ဒီလိုအခြေအနေမျိုးတွေ ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ပါဘူး။ အဲ့ဒါကြောင့် ကျွန်တော့်အတွက် ခက်ခဲတဲ့ ရက်သတ္တပတ်ဖြစ်ခဲ့တာပါပဲ”

“ကျွန်တော့်ကို စိတ်ဝင်စားနေတဲ့ ဆိုတဲ့သတင်း စကြားကတည်းက နယူးကာဆယ်က ရွေးချယ်စရာ တစ်ခုအနေနဲ့ ရှိနေခဲ့တာပါ။ ကျွန်တော့်အမြင်မှာတော့ ပရိသတ်တွေ၊ မြို့ရဲ့အနေအထား၊ လက်ရှိနည်းပြ လက်အောက်မှာ အသင်းကို တည်ဆောက်နေတဲ့ ပုံစံက ကျွန်တော်နဲ့ သင့်တော်တယ်လို့ ခံစားရတယ်။ ပြီးတော့ အသင်းကလည်း မှန်ကန်တဲ့ လမ်းကြောင်းတစ်ခုပေါ် ရောက်နေပါပြီ။ ပိုကြီးကျယ်တဲ့ ခြေလှမ်းသစ်တစ်ခု လှမ်းလိုက်ရသလို ခံစားရပါတယ်။ လူတွေက ကျွန်တော်မလုပ်နိုင်ဘူးလို့ ထင်နေကြတယ်။ လက်ရှိနည်းပြ လက်အောက်မှာဆိုရင် ဒီအသင်းက အများကြီး ပိုလုပ်နိုင်မှာပါ။ ကျွန်တော်ကလည်း ဒီအသင်းကို ပိုကောင်းတဲ့ နေရာရောက်အောင် လုပ်ပေးသွားမှာပါ”လို့ ပြောခဲ့ပါတယ်။

#နယူးကာဆယ် #အပြောင်းအရွှေ့ #ဂေါ်ဒွန်