ရှေ့သို့
Image

ရာထူးမှ ထုတ်ပယ်ခံရပြီးနောက် ပထမဆုံးအကြိမ် ပရိသတ်တွေဆီ သတင်းစကားပေးပို့လာတဲ့ လမ်းပတ်

3:57 PM, 27 January

အဲဗာတန်အသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီးနောက် ချဲလ်ဆီးဂန္တဝင်လမ်းပတ်ဟာ အသင်းဟောင်း ပရိသတ်တွေဆီ ပထမဆုံးအကြိမ် သတင်းစကားပေးပို့လာပါတယ်။ နောက်ဆုံး ၁၀ ပွဲဆက်နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီးနောက် အဲဗာတန်အသင်း တာဝန်ရှိသူတွေက ဒါဘီ၊ ချဲလ်ဆီးနည်းပြဟောင်းကို ရာထူးမှထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

လက်ရှိပရီးမီးယားလိဂ်ဘောလုံးရာသီ၊ ပွဲစဉ် ၂၀ ကစားပြီးချိန် အမှတ်ပေးဇယားအဆင့်-၁၉နေရာမှာ ရပ်တည်နေတဲ့ အဲဗာတန်အသင်းဟာ လာမယ့်ရာသီ ချန်ပီယံရှစ်မှာ ကစားရဖွယ် ရှိနေပါပြီ။ အဲဗာတန်က အသင်းသမိုင်းတလျှောက် ပရီးမီးယားလိဂ်မှ တန်းမဆင်းရဖူးခဲ့လို့ လက်ရှိအချိန်မှာ ကြောက်မက်ဖွယ်အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပါပြီ။

နည်းပြဟောင်း ရာဖေးလ်ဘင်နီတက်ဇ်ရဲ့နေရာမှာ လမ်းပတ်က ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း တာဝန်ယူခဲ့တာဖြစ်ပြီး သူ့ရဲ့လက်ထက်မှာ ပဲလေ့စ်ကို comebackနဲ့ အနိုင်ယူကာ ပရီးမီးယားလိဂ်မှာ ရှင်သန်နိုင်ခဲ့တဲ့ မှတ်တမ်းကောင်းတစ်ခုကိုလည်း ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂလန်ဂန္တဝင်ကွင်းလယ်ကစားသမားဟောင်းက အဲဗာတန်မှာ အောင်မြင်မှုတစ်ခု မတည်ဆောက်နိုင်ခဲ့သလို အသင်းပရိသတ်တွေရဲ့ ဝေဖန်မှုတွေကိုလည်း ရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်။

လက်ရှိမှာတော့ ရာထူးမှထုတ်ပယ်ခံရတဲ့ အသက်-၄၄ နှစ်အရွယ်နည်းပြက ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ကာ ရင်ဖွင့်ပြောဆိုလာပါတယ်။

“မနှစ်က ကျွန်တော် အဲဗာတန်ဆီရောက်ရှိလာချိန်မှာ တကယ့်ကိုခက်ခဲတဲ့ အခိုက်အတန့်တစ်ခုဖြစ်နေတာကို ကျွန်တော်သိခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဒီအသင်းကို ပရီးမီးယာလိဂ်မှာ ဆက်ရှိနေစေရေး လုပ်ဆောင်ပေးခဲ့သူတိုင်းရဲ့ ထောက်ပံ့မှုတွေ၊ မယုံနိုင်လောက်စရာ အလုပ်တွေအပေါ် ကျွန်တော် အမြဲတမ်း ဂုဏ်ယူနေပါမယ်။ စည်းစည်းလုံးလုံးညီညီညွှတ်ညွှတ်နဲ့ ပါဝင်ပေးခဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ်။ ပဲလေ့စ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ မယုံနိုင်လောက်စရာ ညချမ်းကို ကျွန်တော် ဘယ်တော့မှ မေ့ပျောက်တော့မှာ မဟုတ်ပါဘူး။ ကျွန်တော့်အပေါ်၊ ကျွန်တော့်မိသားစုအပေါ်၊ ကျွန်တော့်ဝန်ထမ်းတွေအပေါ် နွေးနွေးထွေးထွေးကြိုဆိုပေးခဲ့တဲ့ အဲဗာတန်ပရိသတ်ကြီးကို ကျေးဇူူးတင်ကြောင်း ပြောကြားလိုပါတယ်”

“အဲဗာတန်က ခမ်းနားတဲ့ သမိုင်းကြောင်းနဲ့အတူ ကြီးမားတဲ့ ချစ်ခြင်းနှလုံးသားတွေနဲ့ တည်ဆောက်ထားတဲ့ ကလပ်အသင်းကောင်း တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့တွေ ဒီထက်ပိုပြီး အောင်မြင်မှုတွေ မဆွတ်ခူးနိုင်ခဲ့လို့ စိတ်ပျက်မိပါတယ်။ အနာဂတ်မှာ အဲဗာတန်အသင်းမှာရှိတဲ့လူတွေနဲ့ ကစားသမားတွေအားလုံး အကောင်းဆုံး ဖြစ်လာပါစေလို့ ဆုတောင်းပေးပါတယ်”လို့ လမ်းပတ်က ပြောပါတယ်။

#အဲဗာတန် #လမ်းပတ် #ပရီးမီးယားလိဂ်