ရှေ့သို့
Image

ဖလာမင်ဂိုကစားသမား ဝက်စ်လေအား ခေါ်ယူဖို့ ဘာစီလိုနာကို အကြံပြုစကားဆိုလိုက်တဲ့ ဖီလစ်ပီလူးဝစ်

12:57 PM, 26 January

လာလီဂါပြိုင်ပွဲအတွင်း ရလဒ်ပိုင်းကောင်းမွန်ကာ အမှတ်ပေးဇယားအဆင့် ၁နေရာတွင် ဦးဆောင်ရပ်တည်နေတဲ့ ဘာစီလိုနာအသင်းက အပြောင်းအရွှေ့ဈေးကွက်အတွင်း ခေါ်ယူရန်ပစ်မှတ်ထားတဲ့ ဆန်ခါတင်စာရင်းအတွင်း ဖလာမင်ဂို နောက်တန်း အစွန်ကစားသမား ဝက်စ်လေလည်း ပါဝင်နေကြောင်း သတင်းထွက်ပေါ်နေချိန်မှာ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့အတူ တောက်ပခဲ့ဖူးတဲ့ ဖီလစ်ပီလူးဝစ်က ကောင်းမွန်တဲ့ ခေါ်ယူမှု တစ်ခုဖြစ်လာမယ့် အကြောင်း အကြံပြုပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

လူးဝစ်အနေဖြင့် ဖလာမင်ဂိုအသင်းဖော် အသက် ၁၉နှစ် အရွယ် ညာနောက်တန်းအစွန်ကစားသမား ဝက်စ်လေရဲ့ ခြေစွမ်းပိုင်းက တိုးတက်လာရန်အတွက် အလားအလာကောင်းများစွာရှိနေတာကြောင့် ဘာစီလိုနာ အသင်းအနေဖြင့် အရခေါ်ယူသင့်ကြောင်းကို နာမည်ကျော်သတင်းဌာနတစ်ခုဖြစ်တဲ့ မန်ဒိုဒီပို့တီပို့ သတင်းဌာနကို ပြောဆိုသွားခဲ့တာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းအနေဖြင့် နောက်တန်းအစုအဖွဲ့ကို အားဖြည့်သည့်အနေဖြင့် ဖလာမင်ဂိုဆယ်ကျော်သက်ကစားသမားကို ခေါ်ယူရန် ပြင်ဆင်နေတာဖြစ်ပြီး ကစားသမားရဲ့ ကိုယ်စားလှယ်ဖြစ်သူနဲ့ပါ ငြှိနှိုင်းဆွေးနွေးထားတာ ဖြစ်ပါတယ်။

ဝက်စ်လေရဲ့ အလားအလာနဲ့ ပက်သက်လို့ ဖီလစ်ပီလူးဝစ်က“ဝက်စ်လေက တိုးတက်ဖို့ အများကြီးလိုနေသေးပေမဲ့ မြန်မြန်ဆန်ဆန်သင်ယူနိုင်စွမ်းရှိသူ တစ်ယောက်ပါ” “တိုက်စစ်လိုက်ပါချိန်မှာလည်း သားရဲတစ်ကောင်လိုပါပဲ။ ပြီးတော့ စက်တပ်ယာဉ်တစ်စင်းလိုလည်း မြန်ပါသေးတယ်။ လိမ်ခေါက်ကစားတဲ့ နေရာမှာတော်သလို တကယ်သန်မာမြန်ဆန်တဲ့ ကစားသမားမျိုးပါ” “လိုအပ်ချက်အနေနဲ့ကတော့ ခံစစ်ကစားတဲ့ နေရာမှာ ရုပ်ပိုင်းဆိုင်ရာထက် နည်းစနစ်ပိုင်းဆိုင်ရာ လေ့လာဖို့ လိုပါသေးတယ်” “ဥရောပအသင်းကြီးတွေအတွက် အားဖြည့်ထားသင့်တဲ့ ကစားသမား တစ်ဦးပါ”လို့ အကြံပြုစကား ဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#ဘာစီလိုနာ #ဖလာမင်ဂို #လူးဝစ်ဇ် #ဝက်စ်လေ