ရှေ့သို့
Image

သုံးနှစ်တာအတွင်း နယ်သာလန်နည်းပြ ရာထူးကို ဒုတိယအကြိမ်တာဝန်ယူမယ့် ရော်နယ်ကိုးမန်း

1:45 PM, 24 January

ပြီးခဲ့တဲ့သုံးနှစ်တာ ကာလအတွင်း နယ်သာလန်နည်းပြ ရာထူးကို ဒုတိယအကြိမ် တာဝန်ယူစေဖို့ ရော်နယ်ကိုးမန်းကို တရားဝင်ခန့်အပ်လိုက်ပါပြီ။

နယ်သာလန်လူမျိုးနည်းပြဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ရာထူးမှနုတ်ထွက်ခဲ့တဲ့ လူးဝစ်ဗန်ဟားရဲ့နေရာကို အစားထိုးဝင်ရောက်ရမှာပါ။ ကိုးမန်းက ဗန်ဟား လက်ထက် မတိုင်ခင် သူပထမအကြိမ်ကိုင်တွယ်ခဲ့စဉ် အသုံးပြုခဲ့တဲ့ နည်းစနစ်ပိုင်းတွေကို လက်ရှိမှာ ပြန်လည်အသုံးချသွားဖို့ အလျှင်အမြန်ပြင်ဆင်လာပါတယ်။

သူက “ယေဘုယျအားဖြင့် ကျွန်တော်တို့ အရင်ကစားခဲ့တဲ့ ကစားပုံမျိုးဆီ ပြန်သွားရမှာပါ။ ကျွန်တော့်အနေနဲ့ တခါတရံမှာ ကစားကွက်အပြောင်းအလဲလုပ်နိုင်ပေမယ့်လည်း နောက်ခံလူလေးဦးနဲ့အခြေခံမယ့် ကစားကွက်ကိုပဲ ဖွဲ့စည်းသွားရပါလိမ့်မယ်။ အဆုံးမှာတော့ ဒါတွေက ကစားကွက်ကို အကောင်အထည်ဖော်ခြင်းနဲ့ပဲ သက်ဆိုင်ပါလိမ့်မယ်။ ကျွန်တော်လည်းပဲ ဗဟိုနောက်ခံလူ ၃ ဦးနဲ့ ခံစစ်ငါးယောက်တန်းကစားပုံကို ဘာစီလိုနာမှာ ကစားခဲ့ဖူးပါတယ်။ ဒါကလည်း အရမ်းအဆင်ပြေပါတယ်။ ပြိုင်ဘက်အပေါ် ဖိအားပေးမလား (သို့မဟုတ်) ခံစစ်မှာ ထိန်းချုပ်ဖို့ ကြိုးစားမလားဆိုတာနဲ့ ပတ်သက်ပြီး ကစားသမားတိုင်း ပါဝင်ကစားရပါမယ်။ ဒါကပဲ အသင်းရဲ့ကစားကွက်က တိုက်စစ်ကစားဟန်ဟုတ်၊မဟုတ် ဆုံးဖြတ်ပေးပါလိမ့်မယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ရော်နယ်ကိုးမန်းက ကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှာ အာဂျင်တီးနားကို ရှုံးနိမ့်ပြီးနောက် ရပ်တန့်ခဲ့ရတဲ့ နည်းပြဟောင်းဗန်ဟားရဲ့ ရှုံးပွဲမရှိ စံချိန်အပေါ် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုစံချိန်မျိုးကို ပိုပြီးဆွဲဆောင်မှုရှိတဲ့ပုံစံမျိုးနဲ့ လုပ်ဆောင်နိုင်တယ်လို့ သူက ယုံကြည်နေပါတယ်။

“နယ်သာလန်အသင်းမှာ ဘောလုံးကစားရတာ ပျော်ရွှင်ဖို့နဲ့ ပိုပြီး ဆွဲဆောင်မှုရှိအောင် ကစားဖို့ ကျွန်တော်တို့ ကြိုးစားသွားရပါမယ်။ နိုင်ငံတကာပွဲစဉ် ၂၀ လောက်ကို ရှုံးပွဲမရှိဖြတ်သန်းခဲ့တာက မယုံနိုင်စရာပါပဲ။ ဒီလိုစံချိန်မှတ်တမ်းမျိုးကို မတူညီတဲ့ ပုံစံမျိုးနဲ့လုပ်နိုင်ပါတယ်။ ကျွန်တော်လည်း ဒီလိုစံချိန်မျိုးကို မတူညီတဲ့ ပုံစံမျိုးနဲ့ လုပ်ချင်ပါတယ်”လို့ ကိုးမန်းက ဆက်ပြောခဲ့ပါတယ်။

နယ်သာလန်ကို ဒုတိယအကြိမ်တာဝန်ယူကိုင်တွယ်တဲ့ ကိုးမန်းအတွက် ပွဲဦးထွက်ပွဲစဉ်ကတော့ လာမယ့်မတ်လအတွင်း ပြင်သစ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ယူရို-၂၀၂၄ ခြေစစ်ပွဲပဲ ဖြစ်ပါတယ်။

#နယ်သာလန် #ကိုးလ်မန်း